Main menu

အထက်မင်းလှမြို့နယ်၌ မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာသည် နှမ်း၊ နေကြာ၊ ပြောင်း၊ ကုလားပဲ၊ ကြက်သွန်နီ၊ ဝါ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံနှင့် ဂန္ဓမာပန်းတို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိပြီး မိုးသီးနှံတစ်မျိုးဖြစ်သည့် မိုးနှမ်းကို ၂၀၂၆ ခုနှစ်၊ မေလ(ဒုတိယပတ်)နှင့် (တတိယပတ်)တို့စတင်၍ တောင်သူ(၆၀)ဦးခန့်မှ စိုက်ဧက(၂၀၀)ခန့် စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

       မယ်ဇလီတောကျေးရွာနေ တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်းနက်စမုံ(၅)ဧကခန့်အား ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး ရက်ပေါင်း(၈၅)ရက်အကြာတွင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း၊ မျိုးကို ယခင်နှစ်ကစိုက်ပျိုးထွက်ရှိသည့် စိုက်ခင်းများမှနှမ်းနက်စေ့များကို မျိုးအဖြစ် ဖယ်ချန်၍စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ (၁)ဧကလျှင် မျိုး(၂)ပြည်မှ(၃)ပြည်ခန့်အထိကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်းတူ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ် အပါအဝင် (၁)ဧကလျှင် စုစုပေါင်း ကျပ်(၅၅၀၀၀၀) အထိကုန်ကျမှုရှိကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က မိုးများ၍ နှမ်းပင်များ အသေအပျောက်များရှိခဲ့သည့်အတွက် (၁)ဧကလျှင် (၇)တင်း အထိသာထွက်ရှိခဲ့သော်လည်း ဈေးနှုန်းအနေဖြင့် နှမ်းနက်စမုံ(၁)တင်းလျှင် ကျပ်(၂၀၀၀၀၀)မှ (၂၃၀၀၀၀)အထိရရှိခဲ့သောကြောင့် အကျိုးအမြတ်အနေဖြင့် ကျပ်(၉၀၀၀၀၀)မှ(၁၁၁၀၀၀၀)ထိရရှိခဲ့ကြောင်း၊ နှမ်းအထွက်နှုန်းလျော့နည်းသော်လည်း ဈေးကောင်းရသည့်အတွက် နှမ်းစိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ပေါ်ရှိပွဲရုံများသို့သာ ရောင်းချကြောင်း သိရှိရသည်။

          အထက်မင်းလှမြို့နယ်၊ မယ်ဇလီတောကျေးရွာ၌ ယခုနှစ်တွင်မူ ယခင်နှစ်ကထက် နှမ်းနက် စမုံမျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင်မူ နှမ်းနက်စမုံ အဟောင်း(၁)တင်းလျှင် ကျပ်(၁)သိန်း(၇)သောင်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုသမမျှတသည့်အတွက် မယ်ဇလီတောကျေးရွာ၌ နှမ်းနက်စမုံစိုက်ခင်းများသည် အဖူးအပွင့်များလှိုင်လှိုင်ထွက်၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)