Main menu

တောင်ကိုရီးယားနိုင်ငံက မျိုးရိုးဗီဇ ပြုပြင်ထားသည့်စားသောက်ကုန်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအား မဖြစ်မနေ ပြုလုပ်ရန် သတ်မှတ်ပြဋ္ဌာန်း

Powered by Drupal

     တောင်ကိုရီးယားနိုင်ငံသည် မျိုးရိုးဗီဇပြုပြင်ထားသော (GM) ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်သည့် စား‌သောက်ကုန်အချို့ကို ခြုံငုံကာမိစေရန်အတွက် မျိုးရိုးဗီဇ ပြုပြင်ထားသော စားသောက်ကုန်တွင် ကုန်အညွှန်းအမှတ်အသား လိုအပ်ချက်များကို မဖြစ်မနေထည့်သွင်းရန် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း၊ စားသောက်ကုန်များအား အဆင့်ဆင့်ပြုပြင်ပြီးနောက် မျိုးရိုးဗီဇ ပြုပြင်ထားသော (GM) DNA သို့မဟုတ် ပရိုတင်းများကို ရှာဖွေမတွေ့ရှိနိုင်တော့သည့်တိုင်အောင် ယင်းစည်းမျဉ်းသည် အကျုံးဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

     အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ ပြောကြားချက်အရ အဆိုပါ တိုးမြှင့်လိုက်သည့် စည်းမျဉ်းကို တောင်ကိုရီးယား အစားအသောက်နှင့် ဆေးဝါးဘေးကင်းလုံခြုံရေးဝန်ကြီးဌာန (MFDS) က ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစည်းမျဉ်းသစ်သည် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ယင်းစည်းမျဉ်းသည် ပဲပုပ်၊ ပြောင်းဖူး၊ ကာနိုလာ (canola) နှင့် ဝါစေ့တို့မှ ထုတ်လုပ်သော စားသုံးဆီများအပြင် အမဲဆီနှင့် ဝက်ဆီအပါအဝင် တိရိစ္ဆာန် အဆီတွင် ပါ သက်ရောက်မှုရှိမည် ဖြစ်ကြောင်း၊ ထို့ပြင် ရောနှောဆီများ၊ အနံ့အရသာပါသည့် ဆီများ၊ မုန့်ဖုတ် ဆီ (Shortening)နှင့် ဟင်းရွက်အဆီခဲ (margarine) ကဲ့သို့သော ပြုပြင်ထားသည့်ဆီနှင့် အဆီ ထွက်ကုန်ပစ္စည်းများတွင်လည်း သက်ရောက်မှုရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။

     ထို့အပြင် အဆိုပါစည်းမျဉ်းများကို ပဲငံပြာရည် (soy sauce) နှင့် အချို့သော ဆေးသကြား ပါသော (saccharide) ထုတ်ကုန်များတွင်ပါ ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ကုန်ချောများတွင် GM DNA သို့မဟုတ် ပရိုတင်းများ မပါရှိပါက အဆိုပါပါဝင်ပစ္စည်းများ ပါဝင်သော စားသောက်ကုန်များတွင် မျိုးရိုးဗီဇပြုပြင်ထားကြောင်း အညွှန်းဖော်ပြရန် လိုအပ်မည် မဟုတ်ကြောင်း သိရှိရပါသည်။

     တောင်ကိုရီးယားနိုင်ငံ အစိုးရနှင့် အစားအသောက်နှင့်ဆေးဝါးဘေးကင်းမှုဝန်ကြီးဌာန (MFDS) တို့၏ ပြောကြားချက်အရ အဆိုပါသတ်မှတ်ချက်သစ်များသည် စားသုံးသူများ၏ သိရှိပိုင် ခွင့်ကို ကာကွယ်ပေးရန်နှင့် စားသောက်ကုန်များ ဝယ်ယူရာတွင် ရွေးချယ်မှုများ ပိုမိုပြုလုပ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အဆိုပါ အပြောင်းအလဲများသည် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်တွင် အတည်ပြုခဲ့ သည့် အစားအစာသန့်ရှင်းရေးအက်ဥပဒေ (Food Sanitation Act) ပါ ပြင်ဆင်ချက်များအတိုင်း လိုက်နာလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

     တောင်ကိုရီးယားနိုင်ငံသည် GM DNA သို့မဟုတ် ပရိုတင်းများ ပါဝင်သည့် ထုတ်ကုန်များ အတွက် မျိုးရိုးဗီဇ ပြုပြင်ထားကြောင်း (GM) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းကို ၂၀၀၁ ခုနှစ် ကတည်းက သတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊  ယခုပြင်ဆင်လိုက်သည့် စည်းမျဉ်းသည် စားသုံး နိုင်သော ဆီနှင့် အဆီအပါအဝင် သီးခြားအဆင့်မြင့် ပြုပြင်မွမ်းမံထားသည့် ထုတ်ကုန်များ အထိပါ အဆိုပါသတ်မှတ်ချက်များကို တိုးမြှင့်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး ယင်းစည်းမျဉ်းသည် GM DNA သို့မဟုတ် ပရိုတင်းများ ကုန်ချောပစ္စည်းတွင် စစ်ဆေးမတွေ့ရှိနိုင်တော့သည့်တိုင်အောင် သက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: UkrAgroConsult , 30 July 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)