
ကချင်ပြည်နယ်အတွင်း ဆန်စပါးဈေးနှုန်းတည်ငြိမ်စေရေးအတွက် ၆-၈-၂၀၂၆ရက်နေ့ ၁၀း၀၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်းရှင်များအသင်း မှဥက္ကဋ္ဌနှင့် ဆန်/ပွဲရုံလုပ်ငန်းရှင်များပူးပေါင်း၍ အစည်းအဝေးကျင်းပပြုခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ကချင်ပြည်နယ် ဆန်စပါးကြီးကြပ်ရေးအဖွဲ့၏ အတွင်းရေးမှူး (ပြည်နယ်ဦးစီးမှူး) ဦးကျော်နိုင်လင်းက ဆွေးနွေးပြောကြားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့စနစ်တကျတင်ပို့ ရောင်းချ နိုင်ရေး၊ ဆန်စပါးဈေးကွက် ဈေးနှုန်းတည်ငြိမ် မှန်ကန်ရေးနှင့် ဒေသအလိုက် စိုက်ပျိုးထွက်ရှိမှု၊ စားသုံးပိုလျှံမှု၊ ဈေးကွက်ဈေးနှုန်းဖြစ်ပေါ်မှု အခြေအနေများအား သက်ဆိုင်ရာအသင်း အဖွဲ့များနှင့် ပူးပေါင်း၍ ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်း ဈေးနှုန်းများကြီးမြင့်မှု မရှိစေရေး၊ ဈေးကွက်နှင့်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်း မဟုတ်သောဈေးကစား လိုသည့်ရည်ရွယ် ချက်ဖြင့်သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်လိုအပ်ကြောင်း၊ ဆန်လုပ်ငန်းရှင်များအနေဖြင့် ထိုက်သင့်သော အကျိုးအမြတ်ရရှိပြီး ဈေးကွက်တွင် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူရောင်းချရန် လိုအပ်ကြောင်း၊ ပြည်နယ်အတွင်း ဆန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းထိန်းကျောင်း ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှ ဇွန်လအထိ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်မှ ကချင်ပြည်နယ်သို့ ပေါ်ဆန်းဆန်စီးဝင်မှုများ အထိုက်အလျောက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ် ရေးအခက်အခဲများကြောင့် သယ်ယူစရိတ်ကြီးမြင့်ခြင်း၊ အခြေအနေများကြုံတွေ့နေရသော်လည်း ဆန်ကုန်သည် အသင်းနှင့် ဆန်လုပ်ငန်းရှင်များအနေဖြင့် သယ်ယူ/သိုလှောင်စရိတ်အပါဝင် အမြတ် ၈ ရာခိုင်နှုန်း ထက်မပိုသော အမြတ်ဖြင့်သာ ရောင်းချရန်လိုအပ်ကြောင်း၊ ပြည်နယ်အတွင်း ဆန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် မြစ်ကြီးနားမြို့နှင့် မိုးညှင်းမြို့ပေါ်ရှိ ဆန်ဆိုင်/ ပွဲရုံများအား သက်ဆိုင်ရာ ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေး သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
ဆက်လက်၍ ဆန်စပါးသိုလှောင်ခြင်းများနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်တွင် “ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်” ကို အမိန့်အမှတ် (၈၂/၂၀၂၄)ဖြင့် ထုတ်ပြန်ထားရှိကြောင်း၊ အဆိုပါအမိန့်အရ ဆန်ဆိုင်/ပွဲရုံလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန်၂၅ နှင့်အထက် သို့မဟုတ် စပါးတင်း၂၅၀၀ နှင့် အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online- My RO) ၏ Website ဖြစ်သည့် www. myro. Com.mm တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း ဆန်တန်ချိန် ၂၅ တန်အထက် သိုလှောင်ရုံတွင် သိုလှောင်ထားရှိပါက မှတ်ပုံတင်ထားရန် လိုအပ်ကြောင်း၊ မှတ်ပုံတင်ရန်အခက်အခဲရှိပါက ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ကူညီဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပြည်နယ်ဆန်စပါးအသင်းဥက္ကဋ္ဌနှင့် ဆန်ဆိုင်/ပွဲရုံလုပ်ငန်းရှင်တို့က အသီးသီးဆွေးနွေး တင်ပြခဲ့ကြ ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
