Main menu

ဗီယက်နမ်နိုင်ငံ၏ နဂါးမောက်သီး စျေးနှုန်းများ နှစ်ဆခန့် ပြန်လည်မြင့်တက်လာ

Powered by Drupal

         မေလအတွင်း နဂါးမောက်သီး အမျိုးအစားအချို့မှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၃,၀၀၀ မှ ၅,၀၀၀ အထိ စံချိန်တင် လျော့ကျခဲ့ပြီးနောက် ယခုအခါ နဂါးမောက်သီး စျေးနှုန်းမှာ ၁၄,၀၀၀ မှ ၂၀,၀၀၀ အထိ ပြန်လည်မြင့်တက်လာခဲ့သဖြင့် တောင်သူများ အမြတ်အစွန်း ရရှိနေပြီ ဖြစ်သည်။

        စျေးကွက်အတွင်း လေ့လာစုံစမ်းချက်များအရ လက်လီနှင့် စိုက်ပျိုးရေး စျေးကွက်နှစ်ခုလုံးတွင် နဂါးမောက်သီး စျေးနှုန်းများမှာ မကြာသေးမီက ပြန်လည်မြင့်တက်လာကြောင်း သိရသည်။ သစ်သီးဆိုင်များတွင် အဆင့် (၁) အနီရောင် နဂါးမောက်သီးကို တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၃၅,၀၀၀ မှ ၄၀,၀၀၀ ဖြင့် ရောင်းချနေပြီး အဖြူရောင် နဂါးမောက်သီးမှာမူ ၂၀,၀၀၀ မှ ၂၅,၀၀၀ ဝန်းကျင်ရှိရာ မေလအတွင်း အနိမ့်ဆုံး စျေးနှုန်းများနှင့် ယှဉ်ပါက နှစ်ဆနီးပါး မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

       ပင်မစိုက်ပျိုးရာ ဒေသတစ်ခုဖြစ်သည့် Binh Thuan တွင် အဆင့် (၁) အဖြူရောင် နဂါးမောက်သီးကို တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၄,၀၀၀ မှ ၁၅,၀၀၀ ဖြင့် ဝယ်ယူနေပြီး အနီရောင် နဂါးမောက်သီးမှာ ၁၉,၀၀၀ မှ ၂၀,၀၀၀ အထိ ရရှိနေသည်။ အရင်းအောက် လျှော့ရောင်းခဲ့ရသည့် လပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးနောက် ယခုစျေးနှုန်းများကြောင့် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၃,၀၀၀ မှ ၄,၀၀၀ ဝန်းကျင် အမြတ်ရရှိနေပြီဖြစ်ကြောင်း တောင်သူများစွာက ပြောကြားကြောင်း သိရသည်။

      Binh Thuan ဒေသမှ နဂါးမောက်သီး ကုန်သည်တစ်ဦးဖြစ်သူ Mr. Xuan ၏ အဆိုအရ မကြာသေးမီက မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ထွက်ရှိမှုပမာဏမှာ လွန်ခဲ့သည့်နှစ် ကာလတူထက် ၁၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း သိရသည်။ တစ်ဖက်တွင်မူ သီးနှံများအတွက် ဝယ်လိုအားမှာ တည်ငြိမ်နေပြီး စိုက်ပျိုးထုတ်လုပ်မှု နည်းပါးသည့် အချိန်နှင့်လည်း ကြုံကြိုက်နေသဖြင့် ရောင်းလိုအား အဆမတန်လျော့နည်းကာ လပေါင်းများစွာ စျေးကျဆင်းခဲ့ပြီးနောက် စျေးနှုန်းများပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း သိဲရသည်။

       ပြည်ပပို့ကုန် စျေးကွက်များမှ ဝယ်လိုအားမှာ အားကောင်းနေဆဲဖြစ်သော်လည်း မိုးဆက်တိုက်ရွာသွန်းမှုက အသီး၏ အရည်အသွေးကို ထိခိုက်စေကာ ငြင်းပယ်ခံရသည့် ရာခိုင်နှုန်းကို မြင့်တက်စေပြီး စံချိန်စံညွှန်းမီသည့် ပို့ကုန်ပမာဏကို လျော့နည်းစေကြောင်း သိရသည်။

          အကောက်ခွန်ဆိုင်ရာ ဒေတာများအရ ၂၀၂၆ ခုနှစ် ပထမ ၆ လအတွင်း နဂါးမောက်သီး ပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါင် ၂၈၀ မီလီယံ ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် ကာလတူထက် ၃ ရာခိုင်နှုန်း နီးပါး လျော့နည်းသွားခဲ့သည်။ ပို့ကုန်တန်ဖိုး လျော့ကျသွားရခြင်းမှာ ကာလရှည် စျေးနှုန်းကျဆင်းမှုကြောင့် တောင်သူများ စိုက်ပျိုးမှုနှင့် ပြုစုပျိုးထောင်မှု လျှော့ချခဲ့၍ ထွက်နှုန်းနည်းသွားကာ ရောင်းလိုအား လျော့ကျခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မကောင်းမွန်သော ရာသီဥတု အခြေအနေများကြောင့်လည်း ပို့ကုန်စံချိန်မီသည့် အသီးရာခိုင်နှုန်း နည်းပါးသွားပြီး ပြည်ပသို့တင်ပို့သည့် ကုန်စည်ပမာဏကို ထိခိုက်စေခဲ့ကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)