
(၁၄.၇.၂၀၂၆) ရက်နေ့တွင် မအူပင်မြို့ပေါ်ရှိ အလှကုန်ရောင်းချသော ဆိုင်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အလှကုန်များ၏ FDA အသိအမှတ်ပြုမှတ်ပုံတင်အခြေအနေ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု၊ ထုတ်လုပ်သည့်နေ့စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်သူနှင့် တင်သွင်းဖြန့်ဖြူးသူ အချက်အလက်များကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်ရာ အလှကုန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်၊ FDA ခွင့်ပြုချက်မရှိသော အလှကုန်များနှင့် သက်တမ်းလွန် အလှကုန်များကို မရောင်းချရန်၊ ကုန်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းရောင်းချရန်နှင့် စားသုံးသူများအား မှန်ကန်ပြည့်စုံသော ကုန်ပစ္စည်းအချက်အလက်များကို အသိပေးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းကွင်းဆင်းစစ်ဆေးမှုသည် ဈေးကွက်အတွင်း အန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အလှကုန်များသာ ရောင်းချအသုံးပြုနိုင်စေရေး၊ စားသုံးသူအခွင့်အရေးများကို ကာကွယ်မြှင့်တင်ရေးနှင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
