Main menu

နို့စားနွားမွေးမြူရေးခြံတွင် ရင်းနှီးမြှုပ်နှံသူများအတွက် လိုင်စင်လွယ်ကူမြန်ဆန်စွာထုတ်ပေးမည့် အင်ဒိုနီးရှား

Powered by Drupal

         အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က နိုင်ငံ၏ နို့ဖူလုံရေးအစီ အစဉ်ကိုအရှိန်မြှင့်တင်နိုင်ရန်နှင့် ပြည်ပမှနို့တင်သွင်းမှုအပေါ် မှီခိုနေရမှုကိုလျှော့ချနိုင်ရန် ခေတ်မီ နို့စားနွားမွေးမြူရေးခြံများတည်ဆောက်မည့် ရင်းနှီးမြှုပ်နှံသူများအတွက် လိုင်စင်ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကိုအားပေးကူညီရန်ကတိပြုထားပြီး လိုင်စင်ထုတ်ပေးရေးလုပ်ငန်းစဉ်အားလုံးကို အရှိန်မြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် စီမံကိန်းများကို အချိန်မီအကောင်အထည်ဖော်နိုင်ကာ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားပါသည်။ ဝန်ကြီးက ရင်းနှီးမြှုပ်နှံ သူများအနေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနကခွင့်ပြုမိန့်လိုအပ်ပါက ၎င်းတို့ဝန်ထမ်းများကကိုယ်တိုင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် လျှောက်ထားသူများအနေဖြင့် လျှောက်လွှာစာရွက်စာတမ်းများကို WhatsApp သတင်းအချက်အလက်ဌာနသို့ ဒစ်ဂျစ်တယ်စနစ် ဖြင့်ပေးပို့နိုင်ပြီး ဦးစားပေးဆောင်ရွက်မှုရရှိမည်ဖြစ်ကြောင်း သိရပါသည်။ အစိုးရသည် ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအား အင်ဒိုနီးရှား၏ နို့ထွက်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း သိရပါသည်။ ဝန်ကြီး၏ပြောကြားချက်အရ ပြည်တွင်းနို့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အကြီးစားခေတ်မီနို့စားနွားမွေးမြူရေးခြံ အနည်းဆုံး ၂၀ ခန့်လိုအပ်နေပြီး လက်ရှိတွင်အင်ဒိုနီးရှားသည် နို့တင်သွင်းမှုအပေါ်အားထားနေရဆဲဖြစ်ကြောင်း သိရပါသည်။ Amran သည် အလယ်ပိုင်းဂျာဗားပြည်နယ် brebes ခရိုင်၌ တစ်နှစ်လျှင် နို့စိမ်း တန်ချိန် ၁၈၀,၀၀၀ ထုတ်လုပ်နိုင်သည့် ပေါင်းစည်းစိုက်ပျိုးမွေးမြူရေးစီမံကိန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။ အဆိုပါစီမံကိန်းသည် အင်ဒိုနီးရှား၏ နို့လိုအပ်ချက် ၂၀ ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ နို့ဖူလုံရေးအစီအစဉ်ကို အရှိန်မြှင့်တင်ရန်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုပုံစံအတွက် စံပြစီမံကိန်းတစ်ခု ဖြစ်လာမည်ဟု မျှော်မှန်းထားကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် လက်ရှိတွင် နိုင်ငံ၏ နို့လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းခန့်ဖြစ်သော တစ်နှစ်လျှင် တန်ချိန် ၃ ဒသမ ၆ သန်းမှ ၃ ဒသမ ၈ သန်းအထိကို ပြည်ပမှ တင်သွင်းနေရသေးသည့်အတွက် နို့ထွက်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ အလွန်ကြီးမားကြောင်း သိရပါသည်။ ထို့အပြင် နိုင်ငံ၏နို့ထွက်လုပ်ငန်းဂေဟစနစ် အားကောင်းလာစေရန် အသေးစားနို့စားနွားမွေး မြူရေးတောင်သူများကို ပိုမိုအားပေးမြှင့်တင်ရန်အရေးကြီးကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။ လက်ရှိတွင် အင်ဒိုနီးရှား၌ နို့စားနွားမွေးမြူရေးတောင်သူ ၅၀,၀၀၀ ခန့်ရှိပြီး နို့ဖူလုံမှုရရှိရန် ထုတ်လုပ်မှုစွမ်းရည်ရှိသော တောင်သူ အနည်းဆုံး ၁၀၀,၀၀၀ ခန့် လိုအပ်မည်ဟု ခန့်မှန်းထား ကြောင်း သိရပါသည်။ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံပိုင်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံ၏ နို့ဖူလုံရေးရည်မှန်းချက်ကို အောင်မြင်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက အလေးပေး ပြောကြားခဲ့ပါသည်။ တစ်ဖက်တွင်လည်း Savoria Group ၏ အမှုဆောင်အရာရှိချုပ် Ihsan Mulia Putri က brebes ရှိ ပေါင်းစည်းစိုက်ပျိုးမွေးမြူရေးစီမံကိန်းသည် နိုင်ငံ၏ နို့ဖူလုံရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို ကုမ္ပဏီအနေဖြင့် အပြည့်အဝထောက်ခံကြောင်း ပြသခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းက စိုက်ပျိုးရေး ဝန်ကြီးဌာန၊ အလယ်ပိုင်းဂျာဗားပြည်နယ်အစိုးရ၊ brebes ခရိုင်အစိုးရနှင့် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းပြီး ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းရှိကာ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသည့် နို့ထွက်လုပ်ငန်းဂေဟ စနစ်ကို တည်ဆောက်သွားရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းအရ နို့စားနွားများအတွက် အစာစိုက်ပျိုးထုတ်လုပ်ပေးမည့် တောင်သူ ၅,၀၀၀ ခန့်နှင့် မိတ်ဖက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် နှစ်စဉ် နွားအထီး ၇,၀၀၀ ခန့်ကို အဆီတင်မွေးမြူရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နို့စားနွားမွေးမြူရေး တောင်သူ ၁,၀၀၀ မှ ၂,၀၀၀ အထိနှင့်လည်း မိတ်ဖက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)