Main menu

ပြည်ဒေသတွင် ဈေးကွက်အလားအလာကောင်းသော  ပင်မှည့်သီးပင်များစိုက်ပျိုးလာ

Powered by Drupal

                   စိုက်ပျိုးရေးကို အခြေခံပြီး စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်မြို့နယ်အတွင်းရှိ တောင်သူအများစုမှာ ရာသီပေါ်နှစ်တိုသီးနှံများစိုက်ပျိုးကြသလို နှစ်ရှည်သီးနှံပင်များကိုလည်း တိုးချဲ့ စိုက်ပျိုးလာကြသည်။ နှစ်တိုသီးနှံများတွင် ရာသီအလိုက် စိုက်ပျိုးကြသည့် စပါး၊ ဆီထွက်သီးနှံ အမျိုးမျိုး၊ ပဲမျိုးစုံ၊ မီးဖိုချောင်သုံးစားသောက်ကုန်အမျိုးမျိုး စိုက်ပျိုးကြသည့်အပြင် စိုက်ပျိုးရေးနည်း ပညာများဆန်းသစ်လာသည်နှင့်အမျှ ဝင်ငွေကောင်းမည့် မျိုးကောင်းမျိုးသန့် သီနှံပင်များကို စမ်းသပ် စိုက်ပျိုးလာကြရာ ယခုအခါတွင် ထိုင်ဝမ်ပင်မှည့်သီးပင်များကို တိုးချဲ့စိုက်ပျိုးလာကြသည်။ ပြည်မြို့ နယ်၊ မှော်ဇာကျေးရွာတွင် ပင်မှည့်သီးပင်များကိုယခင် ဒေသမျိုးရင်းဖြစ်သော အဝါသေး၊ အညိုသေး မျိုးများကို စိုက်ပျိုးကြသော်လည်း ယခုနောက်ပိုင်းတွင် ဈေးကွက်အခွင့်အလမ်းများကောင်းလာသော ထိုင်ဝမ်အညိုအကြီး ပင်မှည့်သီးပင်များတိုးချဲ့ စိုက်ပျိုးလာကြသည်။ အပင်များသည် နွယ်ပင် အမျိုးအနွယ်ဖြစ်သောကြောင့် စင်ခံစနစ်ဖြင့် ပင်ခြား၊ တန်းခြား(၉)ပေပတ်လည်စိုက်ပျိုးကြသည်။ စိုက်ပျိုးပြီး ရက်ပေါင်း(၁၂၀)ကျော်တွင် အပွင့်အသီးများ စတင်လေ့ရှိပြီး ရေနှင့်မြေဆီဩဇာ ကောင်းမွန်ပါက တစ်နှစ်ပတ်လုံး အသီးများထွက်ရှိသည်။ စိုက်ပျိုးပြီး (၆)နှစ်မှ (၁၀)နှစ်ကျော်အထိ ခူးဆွတ်ရောင်းချရသည်။ မိုးတွင်းပိုင်းတွင် အသီးများလှိုင်လှိုင်ထွက်ရှိသောကြောင့် ဈေးကွက် အနည်းငယ်အေးသော်လည်း နွေသီးများမှာ တစ်ပိဿာလျှင် (၉၀၀၀)ကျော်ခန့် ရောင်းရသော ကြောင့် ဈေးကွက်ကောင်းမွန်ကြောင်းသိရှိရသည်။

          ပင်မှည့်သီးပင်သည်  ကျန်းမာရေးအတွက် အထောက်အကူပြုစေပြီး စိုက်ပျိုးရလွယ်ကူကာ ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်းသီးနှံတစ်မျိုးဖြစ်ပါသည်။ အရိပ်ရပင်လည်း ဖြစ်သောကြောင့် တစ်ဧကလျှင် ပျိုးပင်ပေါင်း (၆၀၀)မှ (၈၀၀)ခန့်ဝင်ဆံ့ပြီး (၇)ရက်တစ်ပတ်ခူးပါက ပိသာချိန် (၅၀၀)ခန့်ထွက်ရှိသည်။ဈေးကွက်တွင် ရှမ်းပြည်နယ်ဘက်မှလာသော အီတလီပင်မှည့်သီး များအား နေပြည်တော်မှ အများအပြားမှာယူကြောင်းသိရှိရသည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဘားအံ၊ မြဝတီနှင့်တာချီလိတ်တို့မှ အများအပြားမှာယူလျက်ရှိပြီး အောင်ပန်းမြို့၊ သစ်သီး ဖျော်ရည်ဆိုင်များမှ အများဆုံးမှာယူကြောင်းသိရသည်။

          ပင်မှည့်ပင်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး ကြီးထွားလာချိန်တွင် ခြံစည်းရိုး(သို့)နံရံများပေါ် တွင် ကြီးထွားစွာပေါက်ရောက်သည်။ အသီး၏ အချင်းမှာ ၄ မှ ၇.၅ စင်တီမီတာရှိပြီး အလေးချိန် ၃၅ မှ ၄၀ ဂရမ်ကြားရှိသည်။ ပင်မှည့်သီးခွံသည် ပြောင်ပြောင်နှင့်ထူထူပုံသဏ္ဍာန်ရှိပြီး (၉ မှ ၁၃) မီလီမီတာအထူရှိကြောင်းသိရသည်။အစေ့မှာ အနက်ရောင်ရှိပြီး မျိုးစေ့ (၂၅၀)ရှိနိုင်ကြောင်း သိရသည်။

          အပင်ကြီးထွားမှုအတွက် မြေဆီလွှာနှင့် ရာသီဥတုလိုအပ်ချက်များမှာ မြေပျော့မှသည် မြေမာ ခက်ခဲသော သဲသောင်မြေအထိ မြေဆီလွှာအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ ပင်မှည့်ပင်သည် အလယ်လတ်မြေဆီလွှာအမျိုးအစားများပေါ်တွင် ကောင်းစွာကြီးထွားသည်။ မြေဆီလွှာ၏ PH6.5 နှင့် 7.5 အကြားသင့်တော်သည်။ မြေဆီလွှာသည် အက်စစ်ပိုမိုပြင်းထန်ပါက မြေဆီလွှာတွင် ထုံးများကို အသုံးပြုသင့်ပါသည်။ ရေဆင်းကောင်းသော မြေဆီလွှာရှိဖို့ အရေးကြီးကြောင်း သိရသည်။

          စိုက်ပျိုးရန် မြေသားပြင်ဆင်မှုများမှာ မြေဆီလွှာသည် ကောင်းမွန်သော မြေဆီလွှာဖွဲ့စည်း တည်ဆောက်ပုံနှင့် ချောမွေ့သော ဖွဲ့စည်းတည်ဆောက်ပုံသို့ရောက်ရှိသည်နှင့်အမျှ ပေါင်းပင်များနှင့် မလိုလားအပ်သော အရာများအားလုံးကို ရှင်းလင်းသင့်ပြီး မြေဆီလွှာကို အကြိမ်ပေါင်းများစွာ ထွန်ယက်သင့်ကြောင်းသိရသည်။ ထွန်ယက်ခြင်းကြောင့် ရေမြန်မြန်ဆန်ဆန်ထိုးဖောက်နိုင်သည့် အပြင် လယ်ယာခြံမြေကွက်ဝန်းတွင် နွားချေးမြေဩဇာကဲ့သို့သော အာဟာရဓါတ်များကို မစိုက်ပျိုးမီ ထည့်သွင်းနိုင်ကြောင်းသိရသည်။ ပင်ခြား၊ တန်းခြား(၉)ပေပတ်လည်စိုက်နိုင်ကြောင်း၊ စိုက်ပျိုးချိန်မှာ ယခုလို ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးသင့်ပါသည်။ နေရောင်ခြည်ကောင်းမွန်စွာရရှိနိုင်ရန် တောင်၊ မြောက် စိုက်ပျိုးသင့်ပါသည်။ နွယ်ပင်ဖြစ်သောကြောင့် စင်ထိုးပေးသင့်ပါသည်။ အညွှန့်များ စင်ပေါ် ရောက်ပြီဆိုလျှင် ခေါင်နှိမ်ပေးသင့်ပါသည်။ ဒါမှသာ ဘေးတက်များဖြာထွက်ပြီး အသီးပိုသီးနိုင် ပါသည်။ ပင်မှည့်သီး၏ ပန်းပွင့်များသည် အမမျိုးပွားအင်္ဂါမဖွံ့ဖြိုးခင်မှာဘဲ အဖိုဝတ်မှုန်တွေက ကြေကျကြောင်းသိရှိရသည်။ ဝတ်မှုန်ကူးခြင်းကိုတော့ ပျားများ၏ အကူအညီဖြင့်သာ ပင်ခြား ဝတ်မှုန်ကူးကြောင်းသိရသည်။ အသီးများကို (၁)နှစ်၊ (၂)နှစ်လောက်မှစခူးလို့ရကြောင်းသိရသည်။ တစ်နှစ်အတွင်း သန်စွမ်းသည့်အပင်ဖြစ်လျှင် အလုံး (၁၅၀)မှ (၁၈၀)လုံးအထိ  သီးနိုင်ကြောင်း သိရသည်။

        ပင်မှည့်သီးတွင် ဗီတာမင်C၊သံဓာတ်၊အမျှင်ဓာတ်၊ရေဓာတ်တို့ ပါဝင်သည်။ ပင်မှည့်သီးကို ငရုတ်သီးမှုန့်၊ငံပြာရည်တို့နှင့်သုပ်ပြီးစား၍သော်လည်းကောင်း၊နို့ဆီ၊သကြားနှင့်ဖျော်၍ဖျော်ရည်အဖြစ်သော်လည်းကောင်း၊ရေခဲထုပ်အဖြစ်သော်လည်းကောင်း ပြုလုပ်စားသုံးကြပါသည်။ ပင်မှည့်သီး၏ အရသာသည် ချိုချိုချဉ်ချဉ်မွှေးမွှေးလေးဖြစ်သောကြောင့် ခံတွင်းရှင်းကာအမောပြေစေပြီးကျန်းမာ ရေးအတွက်များစွာ အထောက်အကူပြုပါသည်။ ပင်မှည့်သီးသည် ဗီတာမင်စီကြွယ်ဝသည့် အတွက် ခန္ဓာကိုယ်ခုခံအားကို အားကောင်းစေခြင်း၊ လူကိုလန်းဆန်းစေခြင်း၊ အမြင်အာရုံကောင်းမွန် စေခြင်း၊ အဆိပ်တောက်ဖယ် ရှားပေးခြင်း၊ အစာခြေစနစ်ကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန် ထိန်းညှိပေး ခြင်း၊နှလုံးရောဂါကိုကာကွယ်ပေးခြင်း၊ အူလမ်းကြောင်းကျန်းမာရေးအတွက်ကောင်း မွန်ခြင်း၊ စိတ်ဖိစီးမှုများမှပြေပျောက်စေခြင်း၊ ပန်းနာရင်ကြပ်ရောဂါအတွက်သက်သာစေခြင်း၊ ကင်ဆာရောဂါ များမှကာကွယ်နိုင်ခြင်း၊ သံဓာတ်ကြွယ်ဝခြင်း၊ အိပ်ပျော်စေခြင်းစသည့်ကောင်းကျိုး များစွာရှိ သောကြောင့် စားသုံး သင့်သော အသီး တစ်မျိုး ဖြစ်ပါသည်။ ပြည်မြို့၊မြို့မဈေးကြီးရှိ သစ်သီးအရောင်းဆိုင်တွင် ပင်မှည့်သီး(၁)လုံးလျှင် (၅၀၀)ကျပ်ခန့် ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

             ထို့ကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေပြီး ဈေးကွက်အခွင့်အလမ်းများ ကောင်းလာသောကြောင့် ပင်မှည့်သီးပင်များ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)