
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိသားစု အပိုဝင်ငွေရရှိစေရန်အတွက် တွဲဖက်သီးနှံအဖြစ်လည်းကောင်း၊ တစ်ပိုင်တစ်နိုင် အိမ်ခြံဝန်းအတွင်း၌ လည်းကောင်း စိုက်ပျိုးထားကြသည့် ရာသီစာ ခဝဲသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ ဆွတ်ခူး ရောင်းချနေရပြီဖြစ်၍ စိုက်ပျိုးသူတောင်သူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။ သီးနှံများထဲမှ ခဝဲသီးနှံကို အများအားဖြင့် မိရိုးဖလာနည်းလမ်းများအတိုင်း စိုက်ပျိုးကြသော်လည်း မေလနှင့် ဇွန်လများတွင် ပိုမိုစိုက်ပျိုးကြောင်းလည်း သိရှိရပါသည်။ စိုက်ပျိုးရာတွင် အစိုဓာတ်ထိန်းသိမ်းနိုင်ရန် နုံးမြေ၊ နွားချေး၊ မြေဆွေးတို့ဖြင့် စနစ်တကျ မြေပြုပြင်ကာစင် တင်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် စိုက်ပျိုးမှုအပေါ်မူတည်၍ ကုန်ကျစရိတ်ကွာခြားမှုရှိသော်လည်း ခဝဲသီးနှံသည် အရင်းအနှီးနည်းပါးသော သီးနှံဖြစ်ပါသည်။ မျိုးစေ့ဖိုး၊ စင်ဆောက်ရန် ဝါးနှင့် နိုင်လွန်ကြိုးဖိုး၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေးဖိုး စသည်တို့ဖြစ်သည်။ စိုက်ခင်းတစ်ခုအတွက် ပျမ်းမျှအားဖြင့် ငွေကျပ် သောင်းဂဏန်းမှ သိန်းဂဏန်း ဝန်းကျင်သာ ကုန်ကျလေ့ရှိသဖြင့် အခြေခံတောင်သူများ အလွယ်တကူ စိုက်ပျိုးနိုင်သည့် သီးနှံဖြစ်သည်။ ခုလို မိုးဦးကျကာလမှာ ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းရကာ နေ့စဉ် ဒါမှမဟုတ် ရက်ခြား ဝင်ငွေရရှိနေကြာင်း၊ အိမ်စရိတ်အတွက်တင်မကဘဲ မိသားစုအပိုဝင်ငွေပါရရှိ၍ အဆင်ပြေနေကြောင်း မြိတ်မြို့နယ်မှ သီးနှံစိုက်ပျိုးတောင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြိတ်မြို့မဈေးနှင့် အနီးနားရှိဒေသဈေးကွက်များ၌ ခဝဲသီးကို အသီးအရွယ် အစားနှင့် အနုအရင့်အပေါ်မူတည်ပြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ ရောင်းချနေကြကြောင်း သိရှိရပါသည်။
DOCA(မကွေး)
