
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ဆားမလောက်) မူလတန်းကျောင်း၌ ကျောင်းမုန့်ဈေးတန်းအား မြို့နယ်ကျောင်းမုန့်ဈေးတန်းစိစစ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက ကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသော အစားအသောက်နှင့် မုန့်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်/တင်သွင်းဖြန့်ဖြူးသူ၏ အမည်နှင့် လိပ်စာဖော်ပြထားမှု၊ ထုပ်ပိုးမှုအခြေအနေနှင့် စားသုံးရန် သင့်လျော်မှုတို့ကို စနစ်တကျ စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောင်းမုန့်ဈေးတန်း ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစားအသောက်များကိုသာရောင်းချရန်၊ သက်တမ်းလွန်ကုန်ပစ္စည်းများနှင့် အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများကို ရောင်းချခြင်း မပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ရောင်းချရန် အသိပညာပေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစိစစ်ဆောင်ရွက်မှုသည် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစားအသောက်များကို စိတ်ချလက်ချ စားသုံးနိုင်စေရန်နှင့် ကျောင်းမုန့်ဈေးတန်းများ စနစ်တကျရောင်းချနိုင်စေရန် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
