ဗီယက်နမ်နိုင်ငံ အနေဖြင့် ၂၀၂၆ ခုနှစ် ဇွန်လတွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၅၂.၆ သန်းရှိသော ကော်ဖီတန်ချိန် ၁၅၀၀၀၀ ကို တင်ပို့နိုင်ခဲ့ရာ ယခုနှစ် ပထမနှစ်ဝက် ကာလအတွင်း ကော်ဖီတန်ချိန် ၁.၁ သန်းအထိ တင်ပို့လျက် ပို့ကုန်ဝင်ငွေ ဒေါ်လာ ၄.၇၈ ဘီလီယံကို ရရှိထား ကြောင်း Vietnamnet Global သတင်းဌာနက ဖော်ပြပါသည်။
ဗီယက်နမ်၏ အဆိုပါ ကော်ဖီတင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ပမာဏအရ ၉.၇ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း တန်ဖိုးအရမူ ၁၄.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ပြည်တွင်း ကော်ဖီလုပ်ငန်းနယ်ပယ်အတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၏ စာရင်းများအရ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ပျမ်းမျှ ကော်ဖီပို့ကုန်ဈေးနှုန်းသည် ယခင်နှစ်ကာလတူအောက် ၂၂ ရာခိုင်နှုန်း လျော့နည်းပြီး တစ်တန် လျှင် ၄၄၃၅ အမေရိကန်ဒေါ်လာနှုန်းရှိကြောင်း၊ ဤအချက်က ၂၀၂၄-၂၀၂၅ ခုနှစ်များ၌ ဈေးနှုန်း မြင့်မားမှုမှ အကျိုးအမြတ်ဖြစ်ထွန်းခဲ့သော အချိန်ကာလသည် တဖြည်းဖြည်း အဆုံးသတ်လာပြီ ဖြစ်သည်ကို ညွှန်ပြလျက်ရှိကြောင်း သိရှိရသည်။
ဗီယက်နမ်၏ ကော်ဖီအဓိကတင်ပို့ရာဈေးကွက်များထံမှ ဝင်ငွေရရှိမှုမှာ စံချိန်တင်လျော့ကျ ခဲ့သည်။ ဂျာမဏီ၊ အီတလီနှင့် အမေရိကန်တို့သည် ဗီယက်နမ်၏ အကြီးမားဆုံး ကော်ဖီဝယ်လက် နိုင်ငံများဖြစ်ပြီး စုစုပေါင်းတင်ပို့မှုတွင် ၁၄.၁ ရာခိုင်နှုန်း၊ ၇.၉ ရာခိုင်နှုန်းနှင့် ၆.၉ ရာခိုင်နှုန်း အသီး သီး ပါဝင်လျက်ရှိသည်။ သို့သော် ၎င်းဈေးကွက်များသို့ ကော်ဖီတင်ပို့မှု တန်ဖိုးများမှာမူ ယခုနှစ် ပထမ ငါးလအတွင်း ၂၁.၇ ရာခိုင်နှုန်း၊ ၉.၆ ရာခိုင်နှုန်းနှင့် ၂.၂ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်။
သို့ရာတွင် တရုတ်နိုင်ငံသို့ တင်ပို့မှုတန်ဖိုးမှာမူ မှတ်သားဖွယ်ရာ ခြွင်းချက်တစ်ရပ်အဖြစ် ၇၀.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဗီယက်နမ်ကော်ဖီကို အဓိကဝယ်ယူတင်သွင်းသည့် ဈေးကွက် ၁၅ ခုအနက် တိုးတက်မှု အားကောင်းခိုင်မာလျက်ရှိရာ သမားရိုးကျ ဈေးကွက်များတွင် တန်ဖိုးကျဆင်းနေသော် လည်း အဆိုပါဈေးကွက်၌ ဝင်ရောက်ထိတွေ့မှုမရှိသေးသည့် အလားအလာကောင်းများ ရှိနေသည်ကို ထင်ဟပ်လျက်ရှိသည်။
ဗီယက်နမ် ပြည်တွင်းဈေးကွက်တွင် ရက်သတ္တပတ်အတန်ကြာ ဈေးနှုန်းအတက်အကျ ပြောင်းလဲ မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကော်ဖီဈေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ် ဒေါင်ငွေ ၉၀၀၀၀ အထက်သို့ ပြန်လည်မြင့်တက်လာခဲ့ရာ အချို့သောတောင်သူများကို ဈေးကွက်သို့ ထုတ်ကုန် များရောင်းချရန် တွန်းအားဖြစ်စေလျက်ရှိသည်။ သို့သော် ကုန်လက်ကျန်ပမာဏမှာ အကန့်အသတ် ဖြင့်သာရှိသဖြင့် ကုန်သွယ်ရောင်းဝယ်မှုများကို သတိကြီးစွာထားရှိလုပ်ကိုင်နေကြ ဆဲဖြစ်သည်။
ကော်ဖီ ရောင်းလိုအားသည် ဝယ်လိုအားထက် ကျော်လွန်များပြားလာသဖြင့် ကမ္ဘာ့ကော်ဖီ ဈေးကွက်မှာ စိန်ခေါ်မှုပိုမိုမြင့်မားသည့် အခြေအနေသို့ ရောက်ရှိလာသည်ဟု ဗီယက်နမ်ကော်ဖီ ကိုကာ အသင်း (Vicofa) က ပြောဆိုခဲ့သည်။ ကမ္ဘာ့ကော်ဖီသောက်သုံးမှု တိုးတက်လာခြင်းသည် မကြာသေး မီနှစ်များအတွင်း အသင့်အတင့်သာရှိချိန်၌ ဘရာဇီးနိုင်ငံ၏ ရောင်းလိုအားမြင့်မားခြင်းက အဆိုပါ အခြေအနေကို ကျယ်ပြန့်လာစေသည့် အဓိကတွန်းအားပင်ဖြစ်သည်။
ရောင်းလိုအား မြင့်မားမှုသည် ရှေ့လာမည့်လများအတွင်း အထူးသဖြင့် ဗီယက်နမ်၏ အဓိက ပို့ကုန်ဖြစ်သော ရိုဘတ်စတာ ကော်ဖီကဏ္ဍအပေါ် ဈေးနှုန်းများကျဆင်းစေရန် ဖိအားအဖြစ် ဆက်လက် တည်ရှိနေမည်ဟု ခန့်မှန်းရကြောင်း၊ ကော်ဖီပို့ကုန်ဈေးနှုန်းများ ဆက်လက်ကျဆင်းနေပြီး ပုံမှန်အား ဖြင့် ဒုတိယနှစ်ဝက်၌ သင်္ဘောတင်ပို့မှုသည် ပထမနှစ်ဝက်ထက် နည်းပါးလေ့ရှိသဖြင့် ယခုနှစ် ကော်ဖီ ပို့ကုန်ဝင်ငွေ လျာထားချက် ပြည့်မီနိုင်ရန်မှာ ခက်ခဲလိမ့်မည်ဖြစ်ကြောင်း Vicofa အသင်းက ပြောဆို ခဲ့သည်။
ဗီယက်နမ် Vinh Hiep ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ Thai Nhu Hiep က မကြာ သေးမီ နှစ်များ၌ ကော်ဖီဈေးနှုန်းများ မြင့်မားခဲ့ခြင်းသည် တောင်သူများ၏ လူနေမှုဘဝကို သိသာ စွာ တိုးတက်ကောင်းမွန်စေခဲ့ကြောင်း၊ သို့သော် ငွေကြေးကဏ္ဍအရ အမှီအခိုကင်းရှင်းမှု ကြီးမားခြင်း သည် ၎င်းတို့အား ကုန်ထုတ်လုပ်မှုအချိတ်အဆက်များ၊ ထုတ်ကုန် နောက်ကြောင်းခြေရာခံစနစ် အကောင်အထည်ဖော်မှုများနှင့် စဉ်ဆက်မပြတ်တည်တံ့သော လယ်ယာလုပ်ငန်းခွင် အလေ့အထ များနှင့် ကိုက်ညီစေမှုများတွင် ပါဝင်ဆောင်ရွက်လာအောင် တွန်းအားပေးရာ၌ အခက်အခဲ ဖြစ်ပေါ် စေလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဤအခြေအနေ၌ ကော်ဖီလုပ်ငန်းနယ်ပယ်အနေဖြင့် စဉ်ဆက်မပြတ်တည်တံ့သော ထုတ်လုပ် မှု အသိအမှတ်ပြုလက်မှတ်ဖြင့် အရည်အသွေးမြင့် ကော်ဖီစေ့များတင်ပို့မှုကို မြှင့်တင်ခြင်း၊ လှော် ထားပြီးကော်ဖီစေ့၊ အသင့်သောက်ကော်ဖီနှင့် ရောစပ်ပြီးကော်ဖီများ သင်္ဘောတင်ပို့မှုကို တိုးမြှင့်ခြင်း တို့ဖြင့် အထွက်တိုးတက်ရေးအပေါ် အလေးပေးသည့်စနစ်မှ တန်ဖိုးမြင့်မားသော ထုတ်ကုန်ကို ဖန်တီးသည့်စနစ်သို့ ပြောင်းလဲရန် လိုအပ်သည်ဟု Vicofa အသင်းက ပြောဆိုထားသည်။
လက်ရှိကာလတွင် ဗီယက်နမ်ကော်ဖီစိုက်ပျိုးမှု ဧရိယာ၏ ၃၀ ရာခိုင်နှုန်းခန့်သည် စဉ်ဆက် မပြတ်တည်တံ့သော လယ်ယာလုပ်ငန်းခွင် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ကြောင်း အသိအမှတ် ပြုလက်မှတ် ရရှိထားရာ ပို့ကုန်ဈေးကွက်များ၏ တင်းကျပ်သော လိုလားချက်များ တိုးပွားလာမှု အပေါ် ဖြည့်ဆည်းဆောင်ရွက်ရန် ခိုင်မာသည့် အခြေခံအုတ်မြစ်အဖြစ် တည်ရှိနေသည်။ အာရှနှင့် ဥရောပရှိ အဓိက လက်လီအရောင်းကွင်းဆက်များသို့ ပြုပြင်ပြီးကော်ဖီများ ပေးသွင်းရန် ချိတ်ဆက်မှု ကို တိုးချဲ့ခြင်းနှင့်အတူ တရုတ်၊ ရုရှား၊ တောင်ကိုရီးယား၊ အယ်လ်ဂျီးရီးယားနှင့် နော်ဒစ်နိုင်ငံများ အပါ အဝင် အလားအလာကောင်းသည့် ဈေးကွက်များသို့ ကုန်သွယ်မှုမြှင့်တင်ခြင်းကို လုပ်ကိုင် ဆောင်ရွက် ရန် Vicofa အသင်းက တိုက်တွန်းထားသည်။
Source: Vietnamnet Global, 7 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
