Main menu

ကန့်ဘလူတွင် ပြောင်းချို စိုက်ပျိုးရောင်းချသူများ အောင်မြင်ဖြစ်ထွန်းကာ အကျိုးအမြတ်များရရှိနေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိသားစုအပို ဝင်ငွေရရှိစေရန်အတွက် ရေသွင်းစိုက်ပျိုးရလွယ်ကူပြီး ဈေးကွက်ခိုင်မာမှုရှိသည့် ပြောင်းချို (Sweet Corn) ကို တိုးချဲ့စိုက်ပျိုးလာကြရာ လက်ရှိအချိန်တွင် အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအဆင်ပြေ လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်အတွင်းရှိ တောင်သူများသည် ဈေးကွက်အတွင်း အဝယ်လိုက်ပြီး အထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် ပြောင်းချိုစေ့များကို အဓိကထားရွေးချယ်စိုက်ပျိုးကြသည်။ ပြောင်းချိုသည် စိုက်ပျိုးပြီးနောက် ရက်ပေါင်း ၇၀ မှ ၇၅ ရက် (၂ လခွဲဝန်းကျင်) အတွင်းမှာတင် စတင်ခူးဆွတ်ရောင်းချနိုင်သည်။ ရေသွင်းရေထုတ် ကောင်းမွန်ပါက တစ်နှစ်ပတ်လုံး ရာသီမရွေး စိုက်ပျိုးနိုင်သောကြောင့် တောင်သူများအတွက် မြေလွတ်မထားဘဲ စဉ်ဆက်မပြတ် ဝင်ငွေရရှိစေ သည့် သီးနှံဖြစ်သည်။

    ပြောင်းချိုစိုက်ပျိုးရာတွင် အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါက စိုက်ပျိုးစရိတ် သက်သာပြီး အကျိုး အမြတ် ပိုမိုများပြားကြောင်း တောင်သူများထံမှ သိရသည်။ မြေပြုပြင်ခ၊ မျိုးစေ့ဖိုး၊ သဘာဝနှင့် ဓာတ်မြေသြဇာဖိုး၊ သွင်းရေနှင့် လုပ်အားခအပါအဝင် တစ်ဧကလျှင် စိုက်ပျိုးစရိတ် စုစုပေါင်း ကျပ် ၇ သိန်းမှ ၁၀ သိန်းဝန်းကျင်သာ ကုန်ကျသည်။ ပြောင်းချိုတစ်ဧကလျှင် ပျမ်းမျှအဖူးရေ ၈၀၀၀ မှ ၁၀၀၀၀ နီးပါးအထိ ထွက်ရှိပြီး စိုက်ပျိုးစရိတ်အားလုံး နှုတ်ပါက တစ်ဧကလျှင် ကျပ် ၇ သိန်းမှ ၁၀ သိန်းအထိ အသားတင်အမြတ်ငွေ ပြန်လည်ရရှိသဖြင့် တွက်ခြေကိုက်လျက်ရှိသည်။

     လက်ရှိအချိန်တွင် ကန့်ဘလူဒေသထွက် ပြောင်းချိုများသည် အရသာချိုမြိန်ပြီး ဖူးထွက် ကောင်းမွန်သောကြောင့် ဈေးကွက်အတွင်း အဝယ်လိုက်လျက်ရှိသည်။ ပြောင်းချိုအဖူးအကြီး၊ အသေးနှင့် အရည်အသွေးပေါ်မူတည်၍ ခူးဆွတ်ချိန်တွင် ခြံဈေးတစ်ဖူးလျှင် ကျပ် ၂၀၀ မှ ၂၅၀ အထိ မိမိတို့စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြသည်။ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စိမ်းဒိုင်များနှင့် ဒေသတွင်းဈေးများတွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။ "ပြောင်းချိုက သက်တမ်း လည်းတိုပြီး  စိုက်ပျိုးရသည်မှာ လွယ်ကူသည့်အတွက် စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း လျက်ရှိပါ သည်။ ခူးရသည့် အချိန်တွင်လည်း ပွဲစားများက ခင်းပြတ်ဝယ်ယူ၍ သယ်ယူစရိတ်သက်သာပြီး အကျိုးအမြတ်များရရှိကြောင်း ကန့်ဘလူမြို့နယ်မှ ပြောင်းချိုစိုက်တောင်သူတစ်ဦးက ပြောကြား ခဲ့သည်။

    ကန့်ဘလူမြို့နယ်တွင် စပါးနှင့် အခြားမိုးသီးနှံများအပြင် ယခုကဲ့သို့ သက်တမ်းတိုပြီး တွက်ခြေ ကိုက်သည့် ပြောင်းချိုစိုက်ပျိုးခြင်းလုပ်ငန်းသည် ဒေသခံတောင်သူများ၏ မိသားစုစီးပွားရေးနှင့် လူမှုစီးပွားဘဝကို များစွာအထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)