Main menu

မိုးဦးကျကာလ ကျိုက်ထိုငါးဈေးကွက်အတွင်း မြစ်ငါးနှင့် အင်းငါးများ စတင်ဝင်ရောက်လာ

Powered by Drupal

          မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံစားသုံးသူများနှင့် ငါးလုပ်ငန်းရှင်များ အကြား မိုးဦးကျကာလ မြစ်ငါး၊ ချောင်းငါးနှင့် ဆည်ငါးများ ဈေးကွက်အတွင်း ပိုမိုဝင်ရောက် လာသော်လည်း ကုန်ကျစရိတ် မြင့်မားမှုများကြောင့် ငါးဈေးနှုန်းများမှာ ပြီးခဲ့သည့်လများ ထက် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

          ကျိုက်ထိုမြို့မဈေးသို့ အဓိကအားဖြင့် စစ်တောင်းမြစ်ဝှမ်းမှ ထွက်ရှိသော မြစ်ငါးများ၊ ဒေသတွင်း အင်းအိုင်များမှ ဖမ်းဆီးရမိသော အင်းငါးများနှင့် ရန်ကုန်ဘက်မှ တင်သွင်းလာ သည့် မွေးမြူရေးငါးများ ဝင်ရောက်လျက်ရှိသည်။ မိုးစတင်ရွာသွန်းလာခြင်းကြောင့် လတ်တလောတွင် ငါးရံ့၊ ငါးခူနှင့် ငါးပြေမ ကဲ့သို့သော အင်းငါးများ ဒေသဈေးကွက်အတွင်း ပိုမိုတွေ့မြင်လာရသည်။

          လက်ရှိတွင် ငါးမြစ်ချင်း(မွေးမြူရေး) ငါးများမှာ ပုံမှန်ဝင်ရောက်မှုရှိနေပြီး တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀) မှ (၁၆၀၀၀) အထိ ပေါက်ဈေးရှိနေကာ ငါးခူ/ငါးကြင်း (အင်းငါး)များမှာ အရောင်း သွက်သော်လည်း ဈေးကွက်အတွင်း အဝင်နည်း၍ တစ်ပိဿာလျှင် ကျပ် (၂၂၀၀၀) မှ (၂၈၀၀၀) အထိ ရှိနေ ကြောင်း သိရပါသည်။

          ဈေးမြင့်သော်လည်း စားသုံးသူအကြိုက်တွေ့သော ငါးရံ့အကောင်ကြီးများမှာ လက်ရှိ တွင်ဝယ်လိုအားရှိနေပြီး ကျပ် (၂၅၀၀၀) မှ (၄၀၀၀၀) ဝန်းကျင်အထိ ပေါက်ဈေးရှိနေ ကြောင်း သိရပါသည်။

          လာမည့် ဇူလိုင်လနှင့် ဩဂုတ်လ မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် လယ်ငါးနှင့် အင်းငါးများ ပိုမိုလှိုင်လှိုင် ပေါ်လာနိုင်သဖြင့် ထိုအချိန်တွင် ငါးဈေးနှုန်းများ အနည်းငယ် ပြန်လည်တည်ငြိမ်သွားနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

DOCA (မွန်)