
မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ၂၀၂၆ ခုနှစ် ဇူလိုင် (၁)ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်သို့ ရောက်ရှိပြီး ဒေသဖွံ့ဖြိုး ရေးအတွက် ဒေသခံများနှင့် တွေ့ဆုံခြင်းနှင့် ဒေသထွက်ကုန် ယိုမျိုးစုံပြခန်းမျာသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ရှေးဦးစွာ ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စည်ပင်ခန်းမ၌ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို လမ်းညွှန်အမှာစကား ပြောကြားကာ ပြည်သူများ၏ တင်ပြချက်များ ကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြည့်ရှုလေ့လာနိုင်ရန်အတွက် စည်ပင် ခန်းမအတွင်း အထူးခင်းကျင်းပြသထားသည့် “ဒေသထွက် ယိုမျိုးစုံပြခန်း” သို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ အဆိုပါပြခန်းတွင် ကျိုက်ထိုမြို့နယ်၏ နာမည်ကြီးဒေသထွက် ယိုမျိုးစုံ လုပ်ငန်းများဖြစ်ကြသည့် “ဋ္ဌေးမြင့်အောင်” “မိုးမိုး” “စုစုဖြိုး” နှင့် “ရွှေနဂါး” ယိုလုပ်ငန်းတို့မှ ထုတ်လုပ်သော အရည်အသွေးမြင့် ယိုမျိုးစုံတို့ကို စုံလင်စွာ ခင်းကျင်းပြသထားရှိသည်။
ယင်းပြခန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ကျိုက်ထိုခရိုင်တာဝန်ခံ၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဘီးလင်းမြို့နယ်တာဝန်ခံ တို့က ဦးဆောင်ကာ စနစ်တကျ ခင်းကျင်းပြသခဲ့ကြခြင်းဖြစ်ပြီး ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားရှိမှုနှင့် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်အား အသေးစိတ် လိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်က ဒေသထွက်ကုန် ယိုမျိုးစုံလုပ်ငန်းများ ပိုမိုဈေးကွက်ရရှိရေး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြပြီး စားသုံးသူများ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
DOCA (မွန်)
