Main menu

“ မန္တလေးတိုင်းအတွင်း တန်ဖိုးမြှင့် ထုတ်လုပ်ကုန်သရက် ”

Powered by Drupal

              သရက်သီးသည် အပူပိုင်းဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသည့်အသီးမျိုးဖြစ်ပြီး နှစ်ရှည်သီးနှံ ဖြစ်သည့်အတွက် ရာသီကာလတွင် အထူးဂရုပြု၍ အပင်ကိုပြုစုစောင့်ရှောက်ပါက အထွက်နှုန်း တိုးပြီးဝင်ငွေရရှိသည့် သီးနှံဖြစ်ပါသည်။ မန္တလေးတိုင်းအတွင်း ဒေသအလိုက်သရက်သီးအမျိုးအစား ပေါင်းများစွာရှိသော်လည်း လူကြိုက်များသည့် စိန်သလုံးသရက်နှင့် ရွှေဟင်္သာသရက်များကို အဓိက ထားစိုက်ပျိုးကြပါသည်။ သရက်သီးသည် ရာသီပေါ်သီးနှံစာမျိုးဖြစ်ပြီး အစိမ်းစားလျှင် အချဉ်နှင့် အဖန်ရှိပြီး အမှည့်စားလျှင် အချိုဓါတ်ရရှိခြင်းကြောင့် ချို၊ ချဉ်၊ ဖန်ဓါတ်(၃)မျိုးစလုံး တစ်ပြိုင်နက် ပေးစွမ်းနိုင်သည့်သီးနှံတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး၊ အမရပူရ၊ ပုသိမ်ကြီးနှင့် မတ္တရာနယ်များတွင် စိန်တလုံးနှင့် ရွှေင်္သာသရက်မျိုးများ ကို အဓိကထားစိုက်ပျိုးကြပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် စိန်တလုံးသရက် သည် တိုင်းတွင်းသာမက အခြားမြို့များကပါ ကြိုက်နှစ်သက်ပါသည်၊၊

             မန္တလေးတိုင်းဒေသကြီးအနေနှင့် သရက်သီးကို နှစ်စဉ်မေလဆန်းပိုင်းတွင် စိန်တလုံးသရက်သီး များစတင် ထွက်ရှိပြီး စိန်တလုံးရာသီကာလအနေနှင့် မေ၊ ဇွန်လများတွင် လှိုင်လှိုင်ထွက်ရှိရောင်းဝယ် ပြီး ရွှေဟင်္သာသရက်နေနှင့် စိန်တလုံးရာသီကုန်လုချိန်တွင် စတင်ထွက်ရှိသည့်အတွက် စားသုံးသူများ အနေနှင့် သရက်သီးကို ရာသီချိန်အတွင်း စိတ်ကြိုက်စားသုံးကြပါသည်။ မန္တလေးတိုင်းအတွင်း စိန်သလုံးနှင့် ရွှေင်္သာသရက်ကို အဓိကထားစိုက်ပျိုးကြသော်လည်း အခြားသရက်များကိုလည်း စိုက်ပျိုးကြပါသည်။

     သရက်သီးစိုက်ပျိုးထုတ်လုပ်သည့်ခြံရှင်များအနေနှင့် သရက်သီးစတင်သီးသည့် သီးကင်းမှစ၍ ရင့်မှည့်သည်အထိ ရာသီဥတုနှင့်သဘာဝဘေးဒဏ်များမှ ကြွေသည့် အသီးများကို အလေအလွင့် နည်းပါးအောင် တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ကြပါသည်။

          မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနှစ်သရက်ရာသီကာလအတွင်း ဈေးနှုန်းဈေးကွက်နေနှင့် စိန်တလုံးသရက်ပေါ်ဦးပေါ်ဖျားဈေးနှုန်းအနေနှင့် ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား၊ ပလိပ် နယ်ဘက်များမှ လုံးကြီး ၁ လုံးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ လုံးလတ် ၁ လုံးလျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ်ဈေးနှုန်းများနှင့် စတင်ခဲ့ပြီး အမရပူရ၊ ပုသိမ်ကြီးနှင့် မတ္တရာနယ်ထွက်ဈေးနှုန်းအနေနှင့် လုံးကြီး ၁ လုံလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ လုံးလတ် ၁ လုံးလျှင် ၁၂၀၀ ကျပ်မှ ၁၅၀၀ ကျပ်ဈေးနှုန်း များနှင့် ရောင်းဝယ်မှုရှိပြီး အမှည့်လှိုင်လာသည့်ကာလတွင် ကျောက်ဆည်နယ်ဘက်မှ လုံးကြီး ၁ လုံးလျှင် ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်၊ လုံးလတ် ၁ လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်၊ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာနယ်များမှ လုံးကြီး ၁ လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်၊ လုံးလတ် ၁ လုံးလျှင် ၇၀၀ ကျပ်မှ ၈၀၀ ကျပ်ဈေးနှုန်းများနှင့် ရောင်းဝယ်မှုရှိခဲ့ပါသည်၊၊  နယ်များသို့ ဂျုပ်ဖာများနှင့် တင်ပို့ရာတွင် လုံးကြီးအလုံး ၂၀ ပါ ၁ ဖာလျှင် ကျောက်ဆည်နယ်မှ ၁ ဖာလျှင် ၄၈၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်၊ လုံးလတ် ၁ ဖာလျှင် ၃၅၀၀၀ ကျပ်မှ အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာနယ်များမှ လုံးကြီး ၁ဖာလျှင် ၂၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်၊ လုံးလတ် ၁ ဖာလျှင် ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်များနှင့် နယ်များကို အရောက်ပို့စနစ်ဖြင့် တင်ပို့လျက်ရှိကြောင်း စားသုံးသူများအနေနှင့်စိန်တလုံးသရက်ကို ကျောက်ဆည်နယ် မှထွက်ရှိသည့် စိန်တလုံးသရက်ကိုပို့၍ နှစ်သက်ကြပါသည်။ ရွှေင်္သာသရက်အနေနှင့် ယခုလတ်တလော ဈေးနှုန်းဈေးကွက်အနေနှင့် လုံးကြီး ၁ လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်၊ လုံးလတ် ၁ လုံးလျှင် ၇၀၀ ကျပ်မှ ၈၀၀ ကျပ် ဈေးနှုန်းများနှင့် ဈေးကွက်တွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ယခုနှစ်သရက်သီး ရာသီကာလတွင် စိန်တလုံးသရက်နှင့်ရွှေင်္သာသရက်များသည် မန္တလေးတိုင်းအနေနှင့် အထွက်နှုန်း အသင့်တင့်ကောင်းမွန်သည့်အတွက် ခြံလုပ်ငန်းရှင်များအနေနှင့် တွက်ချေကိုက်ညီမှုရှိကြောင်းနှင့် သရက် ကြမ်းများမှထွက်ရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကိုလည်း ဆက်လက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။

          မန္တလေးတိုင်းအတွင်း သရက်ကို ကျောက်ဆည်ခရိုင်အတွင်း(၁၂၅၉၇) ဧကနှင့်အမရပူရ၊ ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်များတွင် (၉၇၇၀)ဧကတို့စိုက်ပျိုးပြီး ၁ ဧကလျှင် ပျမ်းမျှ ၂ တန်ထွက်ရှိပြီး အလုံးရေအနေနှင့် (၆၀၀၀ မှ ၆၅၀၀) တွင်း ထွက်ရှိသည့် သရက်ခြံလုပ်ငန်းရှင်များအနေနှင့် သရက်သီးများကို အလုံးလိုက်ရောင်းခြင်း၊ အချို့ကို တန်ဖိုးမြှင့်ထုတ်ကုန်သရက်သီးခြောက်အဖြစ် ပြုလုပ်ရောင်းချခြင်း၊ သရက်ပြင်အနေနှင့်လည်း လုပ်ဆောင်ကြပါသည်။ သရက်သီးများ မရင့်မှည့်မီ ကာလအတွင်း အချို့သရက်သီးစိမ်းများကို သရက်ခြံလုပ်ငန်းရှင်များအနေနှင့် သရက်သီးဓါးပေါက် လုပ်ငန်းဖြစ်သည့် သရက်ချဉ်ကို မိုးတွင်းကာလတွင်း ရောင်းချရန်အတွက် စဉ့်အိုးကြီးများနှင့် စနစ်တကျသိုလှောင်ထားရှိပြီး မိုးကာလတွင် ရောင်းချခြင်းဖြင့် အလေအလွင့် မဖြစ်အောင် စနစ်တကျဆောင်ရွက်ကြပါသည်။တန်ဖိုးမြှင့်ထုတ်ကုန် သရက်သီးခြောက်၊ သရက်ပျဉ် များနှင့် မိုးကာလစားသုံးရန်အတွက် သရက်သီးပိုးတီ၊ သရက်ဂျစ်ဆွဲနှင့် သရက်သီးခြောက်များကို လုပ်ငန်းရှင်များအနေနှင့် ကုန်စည်ပြပွဲ၊ ဈေးပွဲတော်များတွင် ခင်းကျင်းပြသ ရောင်းချခြင်းများကို ပြုလုပ်ပြီးဈေးကွက်ရရှိရေးကို ဖော်ဆောင်လျက်ရှိပါသည်။

          မြန်မာ့စိန်တလုံးသရက်သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်ခရိုင်မူရင်း ဒေသထွက်ကုန်ဖြစ်သည့်အပြင် အရသာရှိပြီး Export Quality အဆင့်မီဖြစ်သည့်အတွက် ပြည်ပနိုင်ငံ များသို့ တင်ပို့နိုင်ရန် လုပ်ငန်းရှင်များကို နည်းပညာနှင့်အရင်းအနှီးများကို သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားဖြစ်ထုတ်ကုန်စိန်တလုံး သရက်သည် အကျိုးအမြတ် ရရှိပြီး ဈေးကွက်ယှဉ်ပြိုင်ဝင်ရောက်နိုင်စွမ်းရှိလာမည့် သီးနှံအဖြစ် လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)