
ကြက်သွန်နီကို မန္တလေးတိုင်းအတွင်း၌ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင် ၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ပျော်ဘွယ်၊ ရမည်းသင်း စသည့် ဒေသများတွင် အများဆုံး စိုက်ပျိုးကြသည်။ ကြက်သွန်နီကို မိုးကြက်သွန်၊ ဆောင်းကြက်သွန်အဖြစ် နှစ်ရာသီစိုက်ပျိုးကြ သည်။ မိုးကြက်သွန်သည် ကြက်သွန်ဥ(ထီး)၊ ကြက်သွန်ဥအသေးများကို ပြန်လည်စိုက်ပျိုးကြခြင်း ဖြစ်၍ ကြာရှည်အထားမခံပဲ အစိုအတိုင်းတူးရောင်းရသည်။ ဆောင်းကြက်သွန်နီသည် ကြက်သွန် မျိုးစေ့ကိုပျိုးထောင်၍ အပင်ကလေးများ တစ်လခွဲသားအရွယ်တွင် ပျိုးပင်ကိုနုတ်၍ နေရာရွေ့ ပြောင်း စိုက်ပျိုးကြရသည်။ ကြက်သွန်နီကို မိုးကုန်ရာသီ တန်ဆောင်မုန်းလနှင့် နတ်တော်လတွင် စိုက်ပျိုးခဲ့ကြပြီး တပို့တွဲ၊ တပေါင်းလများတွင် ဖြိုင်ဖြိုင်ထွက်ပေါ်ပါသည်။ ကြက်သွန်မြိတ်ခြောက်မှ သာ တူဖော်ရောင်းချကြသောကြောင့် ကြာရှည်စွာ တစ်နှစ်ပတ်လုံးအထားခံပါသည်။ ထို့ကြောင့် ဆောင်းကြက်သွန်နီကို ပိုမိုစိုက်ပျိုးကြကြောင်း သိရှိရသည်။ ကြက်သွန်နီမျိုးမှာ မြင်းခြံမျိုး(ဥရှည်) မျိုးနှင့် မြစ်သားမျိုး(ရွှေဖလားမျိုး)ဟူ၍ ရှိကြသည်။ မြင်းခြံဥမျိုးသည် ဥရှည်ပြီး အခွံထူကာ အသား ကြမ်းသည်။ ကျောက်ဆည်၊ မြစ်သားမျိုး(ရွှေဖလား)ကြက်သွန်ဥသည် ဥဝိုင်းမျိုးဖြစ်ပြီး အခွံပါး၍ အသားနုသည်။ ယခုအခါ ဈေးကွက်အတွင်း၌ ဆောင်းကြက်သွန်နီများ လှိုင်လှိုင်ဝင်ရောက် လျှက်ရှိပြီး ကြက်သွန်နီဈေးနှုန်းများ ကျဆင်းလျှက်ရှိပါသည်။ ၂၀၂၆ ဇွန်လအတွင်း၌ ကြက်သွန်နီ တစ်ပိဿာလျှင် ဥအလုံးအကြီး အသေးပေါ်မူတည်၍ ၄၅၀၀-၄၀၀၀-၃၅၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်း ချခဲ့သည်။ ယခုဇွန်လဆန်းပိုင်းတွင် မြစ်သားကြက်သွန်နီ(ရွှေဖလား)မျိုး တစ်ပိဿာလျှင် ၄၀၀၀/ ၄၅၀၀ ကျပ်၊ မြင်းခြံဥ အကြီးအသေးအပေါ်မူတည်၍ တစ်ပိဿာလျှင် ၃၅၀၀-၃၀၀၀-၂၅၀၀ ကျပ် စသည်ဖြင့် ရောင်းချလျှက်ရှိသည်။ ကြက်သွန်စိုက်တောင်သူများ ယခုနှစ်တွင် ထွက်နှုန်း ကောင်းသော်လည်း ဈေးကောင်းမရရှိခြင်းကြောင့် ထုတ်ရောင်းခြင်းမရှိပဲ တောင်သူလက်ဝယ် လှောင်လက်အဖြစ် သိမ်းဆည်းထားရှိပြီး ယခုနှစ် ဇွန်လဆန်းပိုင်းမှစ၍ ကြက်သွန်နီများ စတင် တက်လျက်ရှိကြောင်း ရောင်းချသူထံမှ သိရှိရသည်။
DOCA(မန္တလေး)
