
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကအားထား၍ စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် မြေပဲ(မိုး)သီးနှံများ စိုက်ပျိုးပြီး စီးသည့်အချိန်ဖြစ်ပါသည်။ ပခုက္ကူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မြေပဲစိုက်ဧက (၆၉၂၅၃) ဧက ရှိကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ မိုးမြေပဲ(ပဲကြီး)ကို ကဆုန်၊ နယုန်တွင် စတင် စိုက်ပျိုးပြီး တော်သလင်း၊ သီတင်းကျွတ်တွင် ရိတ်သိမ်း၍ သက်တမ်း(၅)လခန့် ကြာ မြင့်ပါသည်။
တစ်ဧကစိုက်ပျိုးလျှင် မျိုးစေ့အနေဖြင့် မြေပဲတောင့် (၆)တင်း မှ (၈)တင်း (သို့ )မြေပဲဆံဆိုပါက (၂၄)ပြည်ခန့် အသုံးပြုသဖြင့် စိုက်ပျိုးမှုကုန်ကျစရိတ်မြင့်မားပါသည်။ သီးသန့်လည်းစိုက်၍ ပဲစင်းငုံနှင့် သီးညှပ်လည်းစိုက်ပျိုးကြပါသည်။ မျိုးစေ့ဖိုး၊ မြေပြုပြင်ခ နှင့် ထွန်ယက်ခ၊ အလုပ်သမားခ၊ သွင်းအားစု၊ ရိတ်သိမ်းခနှင့် ခြွေလှေ့ခအပါအဝင် စုစုပေါင်း တစ်ဧကကုန်ကျစရိတ် မှာ ကျပ်(၁၀)သိန်းမှ (၁၂)သိန်း ခန့်ရှိပါသည်။ လက်ရှိအချိန်တွင် စက်သုံးဆီ၊ လုပ်သားခနှင့် သွင်းအားစုဈေးနှုန်းများ မြင့်မားမှုကြောင့် အထွေထွေကုန်ကျစရိတ် ပိုမိုများပြားလာခြင်းဖြစ်ပါသည်။
မြေပဲ(မိုး)တစ်ဧကအထွက်နှုန်းမှာ ပခုက္ကူဒေသတွင် ရာသီဥတုနှင့် မြေပြုပြင်မှုအပေါ်မူတည်၍ ယခင်နှစ်က တင်း(၄၀-၅၀)ဝန်းကျင်ထိ ထွက်ရှိပြီး တောင်သူအကျိုးအမြတ်မှာ ကျပ်(၈)သိန်းမှ ကျပ် (၁၀)သိန်းထိကျန်ရှိကြောင်း၊ ယခုနှစ်တွင်လည်းမြေပဲစိုက်တောင်သူများမှာရာသီဥတုမျှတရေး၊ သွင်းအား စု စရိတ်လျော့ကျရေးနှင့် စိုက်ပျိုးစရိတ်မြင့်မားသဖြင့် မြေပဲပေါ်ချိန်တွင် ပဲဈေးနှုန်း ကောင်းမွန် တည်ငြိမ်ပြီး အကျိုးအမြတ် တွက်ခြေကိုက်မှုရှိရန် မျှော်လင့်ပါသည်။
ဈေးနှုန်း/ဈေးကွက်အနေဖြင့် ပခုက္ကူကုန်စည်ဒိုင်၏၂၀၂၆ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းမှာ မြေပဲလုံးဆံ(ပြန့်လုံးဆံ) တစ်ပိဿာလျှင် ကျပ်(၁၀၅၀၀ - ၁၂၀၀၀)ဖြစ်ပြီး ၊ မြေပဲဆုံဆီ တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀ - ၂၁၀၀၀)ဖြစ်ပြီး၊ ပဲဖတ် တစ်ပိဿာလျှင် ကျပ်(၇၃၀၀ - ၇၅၀၀) ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် ပြည်တွင်းပဲဆီသန့် စားသုံးမှုမြင့်မားခြင်း၊ ပြည်ပ(တရုတ်) ဝယ်လို အားရှိခြင်း၊ ဆီစက်များနှင့် ပွဲရုံများ၏ အဝယ်လိုက်ခြင်း၊ မိုးမြေပဲသစ်များမပေါ်သေးဘဲ (ဆောင်းပဲ) ပဲလက်ကျန်များသာ ဈေးကွက် ထဲရှိသဖြင့် လက်ကျန်နည်းနေခြင်း တို့ကြောင့် မြေပဲဆံနှင့် မြေပဲဆီ ဈေးနှုန်းများသည် အကျဘက်သို့ ရောက်ရှိရန် ခဲယဉ်းပြီး လက်ရှိ ဈေးအမြင့်တန်း အခြေအနေ အတိုင်းဆက်လက် တည်ငြိမ်နေနိုင်ကြောင်း ကုန်သည်များ၏ သုံးသပ်ချက်အရ သိရှိရပါသည်။
DOCA(မကွေး)
