Main menu

ဒေသထွက်ခဝဲသီးဈေးနှုန်း

Powered by Drupal

      မိုးရာသီဇွန်လ စတုတ္ထပတ်တွင် ကရင်ပြည်နယ်ဒေသထွက် ခဝဲသီးများကို ဘာအံမြို့ အနီး တဝိုက် ကျေးရွာများတွင် ဒေသခံတောင်သူများက  အပိုဝင်ငွေရရှိရန်အတွက် တနိုင်တပိုင်နှင့် စီးပွားဖြစ်လည်း စိုက်ပျိုးကြပြီး ခြံထွက်သီးနှံများကို ဘားအံမြို့ပေါ်ဈေးများတို့ လာရောက်ရောင်းချ ကြသည်။

          ခဝဲပင်သည် နွယ်ပင်မျိုးနွယ်ဝင်အပင်ဖြစ်ပါသည်။ ဘူးသီး၊ ဖရုံသီးကဲ့သို့ခဝဲသီးကိုလည်း လူကြိုက်များလှသည်။ခဝဲသီးပုံသဏာန်မှာ သခွားသီးကဲ့သို့လုံးချောမဟုတ်ဘဲ စောင်းပါပြီး အမြီးပိုင်း တုတ်ကာ အဖျားပိုင်းရှူးသွားသည်။ ခဝဲသီးပင်ကိုတိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုး၍ရသလို ဘောင်တင်ပြီး လည်း စိုက်ပျိုးကြပါသည်။ ခဝဲပင်တစ်ဧကစာကြဲဖြန့်စိုက်ပျိုးရန်အတွက် မျိုးစေ့ကို(၂-၃)ပေါင်ခန့် လိုအပ်ပါသည်။ စိုက်ဘောင်ဖြင့်စိုက်မည်ဆိုပါက စိုက်ဘောင်တစ်ပေါင်ကို နှစ်ပေအကျယ် တစ်ပေ အမြင့်နှင့်တစ်ပေါင်နှင့်တစ်ပေါင်ငါးပေခြားစိုက်ရပါသည်။ခဝဲပင်တစ်ဧကလျှင် အပင်ရေ ၈၀၀၀၀ ခန့် ထိ စိုက်ပျိုးနိုင်ပါသည်။ ခဝဲပင်များမိုးဒဏ်ခံနိုင်ရန်အတွက် စင်တင်စနစ်ဖြင့် ဝါးတန်းများကိုလည်း ကန့်လန့်ဖြတ်ချည်တန်းပေးထားရသည်။ ခဝဲပင်များကြီးထွာစေဖို့ မြေဩဇာဖြစ် နွားချေးဆွေးများ ကျွေးရသည်။ ခဝဲပင်ကိုစိုက်ပျိုးပြီး (၇၅ မှ ၈၀)ရက် ဆိုလျှင် အသီးဆွတ်ခူးနိုင်ပြီး တစ်ဧကလျှင် အလုံးရေ(၂၀၀၀၀မှ၂၅၀၀၀)အထိ ရရှိနိုင်ပါသည်။ ခဝဲသီးသည် တာရှည်အထားခံသောအသီးမျိုး မဟုတ်ပါ။ ဒေသထွက် ခဝဲသီးဈေးနှုန်းများမှာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင်(၃၅၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင်(၄၅၀၀၊၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ကာ ဈေးကောင်း ရလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)