
မြန်မာနိုင်ငံတောင်ပိုင်းရှိတနင်္သာရီပင်လယ်ကမ်းရိုးတန်းဒေသများတွင်သဘာဝမှဖန်တီးပေးထားသောအစားအစာများ ပေါများစွာထွက်ရှိသည့်အနက် သစ်ပလုပ်သည် ထူးခြားသော အစားအစာ တစ်မျိုးဖြစ်ပါသည်။ မြိတ်ခရိုင်တွင် ပိုမိုလူသိများသည့် သစ်ပလုပ်သည် ဒီရေတောများအတွင်းရှိ ရေငန်ဝပြီး ဆွေးမြည့်နေသော သစ်တုံးများ အတွင်းတွင် ရှင်သန်ကြီးထွားကြပါသည်။ အထူးသဖြင့် လမုပင်(ပရုန်းပင်)သစ်တုံးများအတွင်း အပေါက်ဖောက်၍ သစ်ခေါင်းအတွင်းနေထိုင်ကာ သစ်အဆီ များကို စားကြသော အကောင်တစ်မျိုးဖြစ်ပါသည်။ လမုပင်(ပရုန်းပင်)များမှရရှိသော သစ်ပလုပ်များ သည် ပိုမိုအရသာ ကောင်းမွန်ကြောင်း ဒေသခံများအကြား ယုံကြည်လျက်ရှိပါသည်။
သစ်ပလုပ်၏ပုံသဏ္ဍန်မှာ ရှည်မျှောမျှောနှင့် အခေါင်းခွံမှာ အဝိုင်းပုံစံရှိပြီး ချွန်ထက်သော သွားရှည်ရှည်နှစ်ချောင်းပါရှိ ပါသည်။ အရောင်မှာ ခဲဖျော့ရောင်၊ အဖြူရောင်ရှိပြီး ဒေသအလိုက်အခေါ် အဝေါ်ကွဲပြားမှုများရှိပြီး တနင်္သာရီတိုင်း၊ ထားဝယ်ဒေသတွင် ပလောက်၊ မြိတ်တွင် ပလုပ်၊ ရခိုင် ပြည်နယ်တွင် ဒီပိုး ဟုခေါ်ဆိုကြပါသည်။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် နှင့် ကမ်းရိုး တန်းဒေသများတွင် နေထိုင်သည့်ဒေသခံများအတွက် သစ်ပလုပ်သည်အဖိုးတန်အစားအစာတစ်ခုဖြစ်သော်လည်း မြေပြန့် နှင့် တောင်ပေါ်ဒေသတွင်နေထိုင်သူအများစုမှာ သစ်ပလုပ်၏ပုံသဏ္ဍန်ကြောင့် မစားတတ်/မစားရဲ ကြသူများလည်းရှိပါသည်။ သစ်ပလုပ်အား သစ်ပုပ်ပင်နှင့် ရောနှောမှားယွင်း တတ်ကြသော်လည်း သစ်ပုပ်ပင်သည် အပင်တစ်မျိုးဖြစ်ပြီး သစ်ပလုပ်မှာ သစ်တုံးအတွင်းရှိ ရေသတ္တဝါတစ်မျိုးဖြစ်ပါသည်။
ရာသီဥတုသို့ ပင်လယ်လှိုင်းရိုင်ခတ်သဖြင့် လဲကျ/ကျိုးကျကာ ရေထဲတွင်မြုပ်သော လမုပင် (ခေါ်)ပရုန်းပင်များ၏ ပင်စည်ကို ပုဆိန်နှင့်ပေါက်၍ထုတ်ယူကြပါသည်။ သစ်ပလုတ်ကို ပင်လယ် ကမ်းရိုးတန်းဒေသများရှိ ဒီရေတောများတွင်အများဆုံး ရရှိပြီး တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ပထော်၊ ပထက်ကျေးရွာ၊ ကျွန်းစုမြို့နယ်များတွင်အများဆုံး ရရှိနိုင်ပါသည်။ သစ်ပလုတ်ကို သံပရာသီး၊ ငရုပ် သီးစိမ်း၊ ရှောက်ရွက်၊ ကြက်သွန်နီတို့နှင့် အစိမ်းသုပ်စားကြသလို ဟင်းခတ်အမွှေးအကြိုင်များဖြင့် အချိုုပေါင်း စားနိုင်ပါသည်။ အရသာမှာ ချိုချိုအေးအေးနှင့် နူးညံ့သောအရသာရှိပါသည်။ ကျန်းမာရေး အရကြည့်လျှင် သစ်ပလုပ်တွင် အသားဓာတ်လည်းပါဝင်သောကြောင့် ဝမ်းအေးခြင်း၊ ရိုးတွင်းချဉ်ဆီ များအတွက်ပါ အကျိုးပြုသလို ကိုယ်လက်အဆစ်များ ဖောရောင်ခြင်းများအတွက်ပါ သက်သာစေပါ သည်။ သစ်ပလုပ်သည် သဘာဝအရင်းအမြစ်မှ တိုက်ရိုက်ရရှိသော အစားအစာဖြစ်သောကြောင့် သန့်ရှင်းသစ်လွင်မှုနှင့် အာဟာရတန်ဖိုးများရှိသည်ဟုလည်း ဒေသခံများမှ ယုံကြည်ကြပါသည်၊ မြိတ်ခရိုင်မှထွက်ရှိသော သစ်ပလုပ်အား ဒေသတွင်း နေထိုင်သူများမှ ကိုယ်တိုင်ဖမ်းယူ စားသုံး ကြသလို မြိတ်မြို့ပေါ်ရှိ ဈေးများတွင်လည်း ရောင်းချကြပါ သည်။ မြိတ်ခရိုင်မှ ထွက်ရှိသော သစ်ပလုပ်အား ထားဝယ်နှင့် ကော့သောင်းမြို့များမှ အများဆုံးဝယ်ယူကြ ပြီး ရန်ကုန်မြို့မှလည်း ဝယ်ယူစားသုံးလျက်ရှိပါသည်။ မြိတ်ခရိုင်၊ မြိတ်မြို့တွင် သစ်ပလုတ်ကို နို့စည်ဗူး(၁)ဗူးလျှင် (၄ဝဝဝ)ကျပ်၊ တစ်လီတာဗူး (ဗူးဝက်) လျှင် (၁၈ဝဝဝ)ကျပ်၊ တစ်လီတာဗူး(၁)ဗူးလျှင်(၃၆ဝဝဝ) ကျပ်ဖြင့်ရောင်းချကြပါသည်။
ယနေ့ခေတ်တွင် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများကြောင့် ဒီရေတောများ လျော့နည်း လာခြင်းနှင့်အတူ သစ်ပလုပ် ကိုရှာဖွေရန် ပိုမိုခက်ခဲလာနေပါသည်။ သစ်ပလုပ်သည် အစားအစာ တစ်မျိုးသာမက ဒေသခံလူမျိုးစုများ၏ ယဉ်ကျေးမှု၊ နေထိုင်မှုနှင့် သဘာဝနှင့်အတူ သဟဇာတ ဖြစ်စွာ ရှင်သန်နေထိုင်မှုကို ထင်ဟပ်ပြသပေးသည့် အရေးပါသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါ သည်။ ထို့ကြောင့် ဒီရေတောများကို ထိန်းသိမ်း ကာကွယ်ခြင်းနှင့်အတူ ထိုကဲ့သို့သော သဘာဝအစား အစာများကို ထိန်း သိမ်းရင်း ဆက်လက်အသုံးချနိုင်ရန် အရေးကြီးပါသည်။ သစ်ပလုပ်သည် မြိတ် ခရိုင်၏ ထူးခြားသော ဒေသထွက်အစားအစာတစ်မျိုးအဖြစ်သာမက သဘာဝနှင့် လူသားတို့၏ ဆက် စပ်မှုကို ပြသပေးသော အထင်ကရအရာတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။ ၎င်း၏ ထူးခြားမှုနှင့် အရသာ ကြောင့် ဒေသခံများသာမက ပြည်ပလူများအတွက်ပါ စိတ်ဝင်စားဖွယ်အစားအစာတစ်ခုအဖြစ် ဆက် လက်တည်ရှိနေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(တနင်္သာရီ)
