
ဘဲကိုလွန်ခဲ့သော နှစ်ပေါင်း (၄၀၀၀)ကျော်ကပင် အိမ်မွေးတိရိစ္ဆာန်များအဖြစ် စတင်မွေးမြူ ခဲ့ကြပါသည်။ ဘဲမွေးမြူရေးကို မြန်မာပြည်အနှံ့အပြားစီးပွားဖြစ်သောလည်းကောင်း၊ တစ်ပိုင်တစ်နိုင်အဖြစ်သောလည်းကောင်း မွေးမြူခဲ့ကြပါသည်။ ဘဲမွေးမြူရာတွင် မိုးရွာသွန်းမှုအကောင်းဆုံး မြို့နယ်များတွင် အများဆုံးမွေးကြသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ဧရာဝတီ၊ ရန်ကုန် နှင့် ပဲခူးတိုင်းတို့တွင် ဘဲကိုအများဆုံး မွေးမြူလျှက်ရှိကြောင်း သိရှိရပါသည် ။ ၄င်းဒေသများသည် မြစ်ချောင်း၊ အင်းအိုင်နှင့် ရေနက်ကွင်းစသည့်နေရာပေါ်များသည့်အတွက် ဘဲများ၏ သဘာဝဓလေ့နှင့်ကိုက်ညီပြီး ၎င်းတို့လိုအပ်သည့် အစားအစာများကို အလွယ်တကူစားသောက်နိုင်သဖြင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး ဘဲမွေးမြူရာ၌ အရင်းအနှီး နည်းပါးပြီး စီးပွားရေးအကျိုးအမြတ်ပိုမိုရရှိနိုင်ပါသည်။ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာ၌ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း (၇၀%)သည် အစာအာဟာရ ဝယ်ယူကျေးမွေးစရိတ်ဖြစ်သည့်အတွက် ယခုကဲ့သို့ သဘာဝအစားအစာပေါများသည့် နေရာဒေသများတွင် ဘဲမွေးမြူရန်အတွက် ပို၍ အကောင်းဆုံးခွင့်လမ်းတစ်ခုဖြစ်ပါသည် ။ ယခုအခါ မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် တွင်လည်း တစ်ပိုင်တစ်နိုင် ဘဲမွေးမြူလာသည်ကိုလည်း နေရာဒေသအတော်များများတွင် တွေ့ရှိခဲ့ ရပါသည်။ ယခု ဘဲမွေးမြူသူများသည် အစားအစာစရိတ် သက်သာစေရန်အတွက် လူကိုယ်တိုင် ဘဲအုပ်များကို စပါးခင်းများအတွင်း လွှတ်ကျောင်းစေကာ စပါးခင်းအတွက်လည်း ပေါင်းပင်နှင့် ပိုးမွှားများ ရှင်းလင်းစေပြီး၊ စပါးခင်းအတွက်လည်း အထူးကောင်းမွန်စေပါသည်။ ဘဲများသည် အာဟာရဓါတ်များ နေ့စဉ်မှန်မှန်စားသုံးရသည့်အတွက် ဘဲဥများပိုမိုဥချနိုင်ပြီး ဘဲအုပ်အကောင် (၁၀၀)မွေးမြူထားပါက ဘဲဥအလုံးရေ (၁၅၀-၂၀၀)လုံး ရရှိကြောင်း၊ဘဲဥစျေးနှုန်းအနေဖြင့် တစ်လုံး လျှင် လက်လီ(၁၀၀၀/-)ကျပ် ၊ လက်ကားစျေး(၇၀၀-၈၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းချလျှက်ရှိ ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေစေသော ဘဲများကိုတစ်ပိုင်တစ်နိုင် မွေးမြူသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)
