Main menu

စားဖိုဆောင်သီးနှံ ရုံးပတီသီးစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိနိုင်

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိသားစုရေတိုဝင်ငွေရရှိစေရန်အတွက် ဈေးကွက်ခိုင်မာပြီး နေ့စဉ်ဝင်ငွေရရှိသည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ရုံးပတီသီးကို စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

       ရုံးပတီသီးစိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ်သက်သာခြင်း၊ ပြုစုဂရုစိုက်ရလွယ်ကူခြင်းနှင့် ရာသီမရွေးစိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ဒေသခံတောင်သူများအကြား ရေပန်းစားသော သီးနှံတစ်မျိုးဖြစ်သည်။ ရုံးပတီသီးကို ပုံမှန်အားဖြင့် တန်းကြား ၂ ပေခွဲ၊ ပင်ကြား ၁ ပေခွဲခန့် ထားရှိစိုက်ပျိုးကြပြီး စိုက်ပျိုးမှုစနစ်အပေါ်မူတည်၍ တစ်ဧကလျှင် ပျှမ်းမျှအပင်အရေအတွက် ၈၀၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်အထိ စိုက်ပျိုးနိုင်ကြောင်း၊ မျိုးစေ့ဖိုး၊ မြေပြင်ခ၊ သဘာဝမြေဩဇာနှင့် သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းကုန်ကျစရိတ်ကျပ် ၅ သိန်းမှ ၇သိန်းဝန်းကျင်ခန့် ကုန်ကျသဖြင့် အခြားသီးနှံများနှင့်နှိုင်းယှဉ်ပါက စိုက်ပျိုးစရိတ်သက်သာသော သီးနှံဖြစ်ကြောင်း သိရသည်။

          ရုံးပတီသီးသည် စိုက်ပျိုးပြီး ရက်ပေါင်း ၄၅ ရက်မှ ၅၀ အကြာတွင် စတင်ဆွတ်ခူးနိုင်ပြီး နှစ်ရက်ခြားတစ်ကြိမ် ပုံမှန်ဆွတ်ခူးရောင်းချရသည်။ ပြုစုပျိုးထောင်မှု ကောင်းမွန်ပါက တစ်ဧကလျှင် ပိဿာချိန် ၁၅၀၀ မှ ၂၀၀၀ကျော်ထိ ထွက်ရှိနိုင်ကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧကလျှင် အသားတင်အကျိုးအမြတ် ကျပ် ၇ သိန်းမှ ၁၀ သိန်းဝန်ကျင်အထိ ရရှိနိုင်ကြောင်း သိရသည်။ "ရုံးပတီသီးက အရင်းအနှီးနည်းနည်းနဲ့ စိုက်လို့ရတဲ့အပြင် စောစောလည်း ဆွတ်ခူးရောင်းချရတယ်။ နှစ်ရက်တစ်ခါ နေ့တိုင်းလိုလို ပိုက်ဆံဝင်နေတော့ မိသားစုစားဝတ်နေရေးအတွက် တကယ့်ကို အထောက်အကူပြုတဲ့ သီးနှံပါပဲ" ဟု ကန့်ဘလူမြို့နယ်မှ ရုံးပတီသီးစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)