
၄.၆.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်အတွင်းရှိ မိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော စားသောက်ကုန်များကို စားသုံးနိုင်ရေးအတွက် မုဒုံမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဦးစားပေးကုန်စည်ဖြစ်သည့် စည်သွပ်အစားအစာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက မုဒုံမြို့မဈေးနှင့် ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသော စည်သွပ်အစားအစာအမျိုးမျိုးတို့တွင် ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးမည့်ရက်စွဲ၊ မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး ရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်ပစ္စည်းများကို စနစ်တကျ ရောင်းချရန်၊ သက်တမ်းလွန်ကုန်ပစ္စည်းများ မရောင်းချရန်နှင့် စားသုံးသူများ၏ ကျန်းမာရေး ကို ထိခိုက်စေနိုင်သော ကုန်ပစ္စည်းများ မရောင်းချကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
