
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြ လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားမှုနှင့် စပ်လျဉ်း၍ ဌာနမှ မည်သည့်စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်း အသိပညာပေးဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအားသွားရောက် စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၆ခုနှစ်၊ မေလတွင် မုန့်လုပ်ငန်းရှင်၊ ဆီစက်လုပ်ငန်းရှင်၊ ဆန်နှင့်ဆန် ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ သောက်ရေသန့်စက်ရုံလုပ်ငန်း၊ ဆေးဆိုင်လုပ်ငန်းရှင်၊ ခေါက်ဆွဲစက်ရုံလုပ်ငန်း၊ မြေပဲဆားလှော်လုပ်ငန်း၊ ဆိတ်သားခြောက်လုပ်ငန်း၊ တို့ဟူးခြောက်လုပ်ငန်း၊ ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် ပဲစုံကြော်လုပ်ငန်းနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်တို့အားတွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း (၂၀)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
