
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ အခြေခံစားသောက်ကုန်များ ရောင်းချ လျက်ရှိသော အရောင်းဆိုင်များတွင် ခေါက်ဆွဲခြောက်ထုပ်များပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိ ပါသည်။ ခေါက်ဆွဲကို ဂျုံသီးနှံ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း ဂျုံသီးနှံစိုက်ပျိုးခြင်းမရှိ၍ စိုက်ပျိုးမှုများသော စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ခေါက်ဆွဲ ခြောက်ထုတ်လုပ်သည့် စက်ရုံများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် ကြောင်း၊ စားသုံးသူများအတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ကျန်းမာရေးနှင့်ညီညွှတ်၍ ဈေးနှုန်း သင့်တင့် မျှတစွာဖြင့် အလွယ်တကူ ဝယ်ယူမှုရရှိခြင်းကြောင့် စားသုံးသူများအနေဖြင့် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲအရည်ပျော်ပြုလုပ်၍ မြန်မာ့ရိုးရာ အစားအစာအဖြစ် ရှေးယခင် နှစ်များစွာကတည်းက စားသုံးမှု များကြောင်း သိရှိရသည်။
ယခု ၂၀၂၆ ခုနှစ်၊ မေလ(ပထမပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်နေကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့်အဖြူရောင် နှစ်မျိုးရှိပြီး ခေါက်ဆွဲသား အကောင်းနှင့် စက်ကျအကျိုးဟူ၍ နှစ်မျိုးခွဲခြား ရောင်းချကြောင်း၊ “ရွှေဒင်္ဂါး” အဝါရောင် ခေါက်ဆွဲခြောက် တစ်စီးလျှင် ကျပ်(၁၀၀၀)၊ (၂၅)ထုပ်ပါတစ်ထုပ်လျှင် ကျပ်(၂၄၀၀၀)၊ ခေါက်ဆွဲကျိုး စက်ကျတစ်ပိဿာလျှင် ကျပ်(၇၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ “စွမ်းထက်” ခေါက်ဆွဲ ခြောက် (၅၀)ကျပ်သားပါ တစ်ထုပ်လျှင် ကျပ်(၄၅၀၀)၊ အထုတ်(၃၀)ပါ တစ်ဖာလျှင် ကျပ်(၁၃၅၀၀၀)၊ (၂၀)ကျပ်သားပါ တစ်ထုပ်လျှင် ကျပ်(၂၃၀၀)၊ (၅၀)စီးပါ တစ်ဖာလျှင် ကျပ်(၁၁၅၀၀၀)၊ (၂)စီးတွဲ တစ်ထုပ်လျှင် ကျပ်(၂၀၀၀)၊ (၅၀)စီးပါ တစ်ဖာလျှင် ကျပ်(၉၀၀၀၀)၊ စက်ကျအကျိုး တစ်ပိဿာလျှင် ကျပ်(၅၀၀၀)ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ တန်ခူး၊ ကဆုန်လများတွင် ပို၍ ရောင်းအား ကောင်းပြီး မြိုင်၊ ရေစကြို၊ ကျောက်ထု ဒေသများသို့လည်း တင်ပို့ရောင်းချရကြောင်း၊ တစ်ပတ် အတွင်း ခေါက်ဆွဲခြောက် ပိဿာ(၄၀၀-၄၅၀)ခန့် ရောင်းချရကြောင်း ပခုက္ကူမြို့မဈေးရှိ ခေါက်ဆွဲ ခြောက်ရောင်း ချသူထံမှ သိရှိရပါသည်။
DOCA(မကွေး)
