Main menu

သကြားတင်ပို့မှုကို စက်တင်ဘာ ၃၀ ရက်အထိ ပိတ်ပင်လိုက်သည့် အိန္ဒိယနိုင်ငံ

Powered by Drupal

          အိန္ဒိယနိုင်ငံသည် ပြည်တွင်း၌ သကြားဖူလုံမှု ပိုမိုကောင်းမွန်စေရန်နှင့် ဈေးနှုန်းများကို ထိန်းချုပ်နိုင်ရန်အတွက် ယခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ သကြားတင်ပို့မှုကို ချက်ချင်းအာဏာသက်ရောက်သည့် အမိန့်ဖြင့် ပိတ်ပင်လိုက်ကြောင်း သိရပါသည်။

          သို့သော်လည်း အဆိုပါအမိန့်သည် CXL နှင့် အကောက်ခွန်နှုန်းထားခွဲတမ်း (TRQ) အစီအစဉ်များအောက်တွင် ဥရောပသမဂ္ဂ (EU) နှင့် အမေရိကန်ပြည်ထောင်စုတို့ထံ အသီးသီး တင်ပို့နေသည့် သကြားများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း သိရပါသည်။ အဆိုပါအစီအစဉ် များအရ တင်ပို့သူများသည် သတ်မှတ်ထားသော သကြားပမာဏကို အကောက်ခွန် လုံးဝမပေးရဘဲ သို့မဟုတ် သိသိသာသာ လျှော့ချထားသည့် နှုန်းထားများဖြင့် အဆိုပါနိုင်ငံများသို့ တင်ပို့ခွင့် ရရှိကြကြောင်း သိရပါသည်။

        နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန (DGFT) ၏ အမိန့်သည် ကြိုတင်ခွင့်ပြုချက်စနစ်အရ တင်ပို့မှုများ၊ အစိုးရချင်း ချိတ်ဆက်တင်ပို့မှုများ (Government-to-Government)နှင့် ကုန်ပစ္စည်းတင်ပို့ရန် လုပ်ငန်းစဉ်အတွင်း ရောက်ရှိနေနှင့်ပြီးသား ကုန်စည်စုများနှင့်လည်း သက်ဆိုင်ခြင်းမရှိကြောင်း သိရပါသည်။

         ၂၀၂၅-၂၀၂၆ သကြားစျေးကွက်နှစ် (အောက်တိုဘာလမှ စက်တင်ဘာလ) အတွက် စားနပ်ရိက္ခာဝန်ကြီးဌာနသည် အစပိုင်းတွင် တန်ချိန် ၁၅ သိန်းတန်ခန့်တင်ပို့ခွင့်ပြုခဲ့ပြီးနောက် ထပ်တိုးတန်ချိန် ၅ သိန်းတန်ခန့်ထပ်မံခွင့်ပြုခဲ့ရာ ၎င်းအနက် တန်ချိန် ၈၇,၅၈၇ တန်ခန့်ကိုသာ အတည်ပြုခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် သကြားတင်ပို့ခွင့် စုစုပေါင်း တန်ချိန် ၁၆ သိန်းနီးပါး ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

          စားနပ်ရိက္ခာဝန်ကြီးဌာနနှင့် သကြားစက်ရုံများသည် ၂၀၂၅-၂၀၂၆ စျေးကွက်နှစ်တစ်ခုလုံးတွင် ကုန်စည်ပို့ဆောင်မှု တန်ချိန် ၇.၅ သိန်းမှ ၈ သိန်းကြား ရှိလိမ့်မည်ဟု မျှော်မှန်းထားခဲ့ကြကြောင်း ထုတ်ပြန်ခဲ့ပါသည်။ လုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် ISMA ၏ အဆိုအရ မဟာရဋ္ဌ (Maharashtra) နှင့် ကာနာတာကာ (Karnataka) ပြည်နယ်များတွင် အထွက်နှုန်း ပိုမိုကောင်းမွန်လာမှုကြောင့် ၂၀၂၅-၂၆ စျေးကွက်ရာသီ ဧပြီလအထိ အိန္ဒိယ၏ သကြားထုတ်လုပ်မှုသည် ၇.၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ချိန် ၂၇.၅၂ သန်းတန်အထိရှိခဲ့ကြောင်း သိရပါသည်။

          ISMA ၏ ခန့်မှန်းချက်အရ အီသနော (Ethanol) ထုတ်လုပ်ရန် လွှဲပြောင်းအသုံးပြုမှုများအပြီးတွင် ၂၀၂၅-၂၀၂၆ စျေးကွက်ရာသီအတွက် စုစုပေါင်းသကြားထုတ်လုပ်မှုသည် တန်ချိန် ၂၉.၃ သန်းတန်အထိ ရှိလာမည်ဖြစ်ပြီး ၎င်းသည် ၂၀၂၄-၂၅ တွင် မှတ်တမ်းတင်ခဲ့သည့် တန်ချိန် ၂၆.၁၂ သန်းထက် ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

       အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာရသည့် မရေရာမှုများနှင့် ငွေကြေးဖောင်းပွမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကြားတွင် ကုန်စည်တစ်ခုကို တင်ပို့မှု ပိတ်ပင်လိုက်ခြင်းက ဈေးနှုန်းများ မြင့်တက်မလာစေရန် တားဆီးရာတွင် အထောက်အကူ ဖြစ်စေသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံသည် သကြားတင်ပို့မှုအပေါ် ကန့်သတ်ချက်များ စတင်ချမှတ်ခဲ့ပြီးနောက် ၎င်းကို အခါအားလျော်စွာ သက်တမ်းတိုးမြှင့်ခဲ့သည်။ ကမ္ဘာ့ဒုတိယ အကြီးဆုံး သကြားထုတ်လုပ်သည့် နိုင်ငံဖြစ်သော အိန္ဒိယသည် သကြားစက်ရုံများအကြား အချိုးကျ ခွဲတမ်းချပေးသည့် စနစ်ဖြင့် သကြားတင်ပို့မှုကို အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိထားခြင်းဖြစ်ကြောင်း သိရပါသည်။

Source: hindu times                                                                  

DOCA (ရန်ကုန်)