
မန္တလေးတိုင်းအတွင်းရှိ တောင်သာမြို့နယ်သည် ဆည်ရေသောက်ရှိသဖြင့် ပဲမျိုးစုံ၊ ကြက်သွန်နီနှင့် ပြောင်းများစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံဖြစ်သော နွေနှမ်းများကို စိုက်ပျိုးရန်အတွက် ဆည်မြောင်း ဝန်ကြီးဌာနမှ ရေပေးဝေသောကြောင့် စိုက်ပျိုးလျက်ရှိကြောင်း၊ နွေနှမ်းများကို အညာဒေသတွင် ဖေဖော်ဝါရီလနှင့် မတ်လတွင်စတင်စိုက်ပျိုးပြီး၊ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လဆန်းပိုင်း၌ ရိတ်သိမ်း မည်ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်တွင် တောင်သာမြို့နယ်တွင် နွေနှမ်း လျာထား (၆၉၈) ဧကတွင်စိုက် ပျိုးပြီးဧက ရာနှုန်းပြည့် စိုက်ပျိုးထားကြောင်း၊ နှမ်းစိုက်ပျိုးရာတွင် ဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုး ကြပြီး အများဆုံး စိုက်ပျိုးသော မျိုးများမှာနှမ်းဖြူနှင့် နှမ်းညို မျိုးများကိုစိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် နှမ်းမျိုးစေ့ တစ်ပြည်လျှင် (၈၅၀၀) ကျပ်ခန့် ပေးရကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုမှုန့် ညက်အောင် ထွန်ယက်၍ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါ အဝင် စုစုပေါင်း (၄၇၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ တစ်ဧကမျိုး (၃) ပြည်ခန့် စိုက်ပျိုးရကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် နှမ်းတစ်ဧကလျှင် (၉-၁၀) တင်းခန့် ထွက်ရှိကြောင်း၊ မိုးကိုမျှော်၍ စိုက်ပျိုးရသောသီးနှံဖြစ်သောကြောင့် အပင်ပြုစုမှု၊ သွင်းအားစုနှင့် ရေရရှိမှု မှန်ကန်ပါက အထွက်နှုန်းကောင်းမည်ဖြစ်ကြောင်း သာယာကြီးကျေးရွာမှ နွေနှမ်းစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ တောင်သာဈေးကွက်၌ ၂၀၂၆ခုနှစ်၊ ဧပြီလဒုတိယပတ်၌ နှမ်းဖြူတစ်တင်းလျှင် (၁၃၉၀၀၀) ကျပ်ခန့်၊ နှမ်းညိုတစ်တင်းလျှင်(၁၄၆၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ နှမ်းဆီတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ နှမ်ဆီစားသုံးမှု နည်း သောကြောင့် ဒေသတွင်းစားသုံးရန်သာ နှမ်းဆီကြိတ်ခွဲလျက်ရှိကြောင်း၊ နှမ်းထွက်ပေါ်ချိန်တွင် တောင်သူ များကိုယ်တိုင် မြို့ပေါ်ရှိပွဲရုံများသို့လာရောက်ရောင်းချကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တလေးမြို့၊ မကွေးမြို့နှင့် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ နှမ်းပေါ်ချိန်တွင် စျေးနှုန်း များကောင်းမွန်ပါက တောင်သူများအနေဖြင့် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်ကြောင်း၊ နှမ်းစိုက်တောင်သူများအနေဖြင့် မိသားစုစားသုံးဆီဖူလုံရုံမျှမက ဝင်ငွေရရှိပြီး အကျိုးအမြတ်ရရှိသော နွေနှမ်းသီးနှံကိုလည်း နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။
DOCA(မန္တလေး)
