
၂၀၂၆ခုနှစ်၊ ဧပြီလ ( ၈ ) ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူး ရောင်းချမှု ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်သိရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီ၏ ဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အဖွင့်အမှာစကားအနေဖြင့် ၂၀၂၆ခုနှစ်၊ ဧပြီလ၊ ပထမပတ်အတွင်း (၁)ရက်နေ့မှ (၄)ရက်နေ့အထိ မုံရွာမြို့ရှိ အထင်ကရဈေးကြီးများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် အရန်ဆီများကို ပြည်သူများထံ ဖြန့်ဖြူးရောင်းချပေးခဲ့ပါကြောင်း၊ ဈေးကားများဖြင့် စားသုံးဆီများ ရောင်းချရာတွင် ပြည်သူ့လက်ဝယ် မှန်မှန်ကန်ကန် ရောက်ရှိစေရေးအတွက် တရားဝင် ဖွဲ့စည်းထားသော ကြီးကြပ်ရေးအဖွဲ့အစည်းများမှ မြေပြင်ကွင်းဆင်း စစ်ဆေးကြပ်မတ်ရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း ဆီပြတ်လပ်မှုမရှိစေရေး သယ်ဆောင်သည့်အပိုင်းတွင် လိုအပ်သည်များကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများ မရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် စစ်ဆေးရေးအဖွဲ့မှ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးရန်နှင့် ဝိုင်းဝန်းပူးပေါင်းထိန်း ကျောင်းပေးခြင်းဖြင့် ကောင်းမွန်သော အကျိုးရလာဒ် များကို ခံစားရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး အတွင်းရေးမှူး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမင်းမင်းက စားသုံးဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေများ၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။ ဆက်လက်၍ စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် များနှင့် ဆီလုပ်ငန်းရှင်များမှက ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
