Main menu

၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကိုကြိုဆိုခြင်း

Powered by Drupal

        စားသုံးသူအခွင့်အရေးများနေ့သည် ၁၉၆၂ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် နိုင်ငံတကာ စားသုံးသူများ၏လှုပ်ရှားဆောင်ရွက်မှုများနှင့် စည်းလုံးညီညွတ်မှုကိုအကြောင်းပြု၍ အမေရိကန်နိုင်ငံသမ္မတ  ဂျွန်အက်ဖ်ကနေဒီမှ စတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသမ္မတ  ဂျွန်အက်ဖ်ကနေဒီသည် စားသုံးသူများ၏အခွင့်အရေးနှင့်အခြေခံမူအဖြစ် ဘေးဥပဒ်အန္တရာယ် ကင်းစွာစားသုံးနိုင်ခွင့်၊ မိမိစိတ်ကြိုက်ရွေးချယ်နိုင်ခွင့်၊ သတင်းအချက်အလတ်ပြည့်စုံစွာရရှိနိုင်ခွင့် တိုးတက်နေသည့်ဝန်ဆောင်မှုများအား ကြားနာသိရှိနိုင်ခွင့် စတဲ့(၄)အချက်ကိုကြေညာပြီးနောက် နောက်တိုး(၄)ချက်အား ဆက်လက်ကြေညာခဲ့ကြောင်းနှင့် ၁၉၈၅ခုနှစ်တွင် ကမ္ဘာ့ကုလသမ္မဂ အထွေထွေညီလာခံ၌ စားသုံးသူများ၏ အခွင့်အရေးနှင့်ပတ်သက်၍ အခြေခံလမ်းညွှန်မှုများ အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။

        မြန်မာနိုင်ငံတွင်လည်း စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာဗဟုသုတတိုးစေရန် ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံရှိ (၅၁)သန်းကျော်သော စားသုံးသူပြည်သူများ အတွက် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော စားသုံးသူအခွင့်အရေးများ အပြည့် အဝရရှိရေး ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ၊ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသော ကုန်စည် နှင့်ဝန်ဆောင်မှုများရယူသုံးစွဲနိုင်ရေး ၊ ဆုံးရှုံးနစ်နာမှုများကို ကုစားဖြေရှင်း‌ပေး နိုင်ရေးအတွက် ဆက်စပ်ဌာနများ ၊အသင်းအဖွဲ့များ၊လုပ်ငန်းရှင်များ၊ စားသုံးသူများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။

          ကမ္ဘာ့အထိမ်းအမှတ်နေ့များအနက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင် ရွက်ရခြင်းမှာ ကမ္ဘာသူကမ္ဘာသားများ နေ့စဉ်ဖြတ်သန်း လျက်ရှိကြသည့် စားရေး၊ ဝတ်ရေး၊ နေရေး ဟူသည့် အရေး(၃)ပါးနှင့်ပတ်သက်၍ စားသုံးသူ များကိုကာကွယ်ပေးရန် မျှတသည့် စီးပွားရေးစနစ်ကိုဖော်ဆောင်ရန် စီးပွားရေးကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သည့် လုပ်ငန်းများကို အားပေးရန်အတွက် ကမ္ဘာ့နိုင်ငံတိုင်းတွင် အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြပါတယ်။

       ၁၉၆၂ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက စားသုံးသူ အခွင့်အရေးများနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့သည့် မတ်လ(၁၅)ရက်နေ့ကို ကမ္ဘာ့စားသုံးသူ အခွင့်အ‌ရေးများနေ့အဖြစ် သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထိုနေ့ကျရောက်တိုင်း   ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ကြပါတယ်။ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် မတ်လ(၁၅)ရက်နေ့ကျရောက်တိုင်း ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အခမ်းအနားများကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်၍ စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများတိုးတက်စေရေးအတွက် နှစ်စဉ်ဆောင်ရွက်လျက်ရှိပါတယ်။

           ၂၀၂၆ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကို ကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ အသိပညာပေးစတစ်ကာများဖြန့်ဝေအသိပညာပေးခြင်းများ ဖြင့်ကြိုဆို ဆောင်ရွက်ခဲ့ပါကြောင်း တင်ပြလိုက်ပါတယ်။

DOCA(ရှမ်း)