Main menu

မွန်ပြည်နယ်၌ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကျင်းပခြင်း

Powered by Drupal

 

          မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပခဲ့သည်။

          အခမ်းအနားတွင်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍ နှစ်စဉ် ကျင်းပမြဲ ဖြစ်သည့် မတ်လ ၁၅ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့ အခမ်းအနားကို  မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ကျင်းပကြောင်း၊ ယခုနှစ် ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” ( Safe Product , Confident Consumers) ဆောင်ပုဒ်နှင့်အညီ စားသုံးသူပြည်သူများ နေ့စဉ်အသုံးပြု လျက်ရှိသောကုန်စည်တွင် ဘေးကင်းလုံခြုံမှု ရှိရန်အတွက် လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကို အသုံးပြုနိုင်မှသာလျှင် စားသုံးသူများ၏ ဘဝအန္တရာယ်ကင်းရှင်းပြီး သာယာလှပသော ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါကြေင်းနှင့် နေ့စဉ်ဝယ်ယူအသုံးပြုနေရသော ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချနေတဲ့ ကုန်စည်များဘေးကင်းလုံခြုံမှုရှိစေရေး၊ အစိုးရ၊ ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်လာသူများအားလုံး ညီညီ ညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ အခမ်းအနားတွင် မွန်ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊        ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှု Video Clip များပြသခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝန်ထမ်းများမှ “ဦးစားပေးမူ စားသုံးသူ” သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော် က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးကြောင်း၊ တက်ရောက်လာသူများအား နေ့လည် စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရှိရပါသည်

           အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း လူဦးရေ(၃၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၁) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)