
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အရှေ့ဘက်ကမ်းကျေးရွာအုပ်စုရှိ လယ်ကိုင်းကျေးရွာတွင် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး ပြောင်းသီးနှံများကို စိုက်ဧက ၄၂၇၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။ ဖူးစားပြောင်းကို စိုက်ပျိုးကာလမတူညီပဲ တောင်သူများစိုက်ပျိုးကြကြောင်း ၂၀၂၅ခုနှစ် ဩဂုတ်လက စိုက်ပျိုးသူများလည်းရှိကြောင်း ပွင်းလင်းရာသီတွင် စတင်စိုက်ပျိုးကြပြီး ၂၀၂၆ခုနှစ် ဇန်နဝါရီလအထိ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
ပြောင်းသီးနှံကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး ၂ လကျော်အကြာ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် သကြားပြောင်းနှင့် ပြောင်းစီး(အဖြူ) မျိုးများကို စိုက်ပျိုးကြပြီး တစ်ဧက လျှင် မျိုးထုပ် ၄ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧက လျှင် ငွေကျပ် ၇၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပြောင်းဖူးအရေအတွက် ၄၀၀၀ ခန့် ထွက်ရှိရာ ယခုနှစ် ၅၀၀၀ခန့် ထွက်ရှိကြောင်းသိရသည်။ စိုက်ပျိုးမြေ အနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ သီးနှံအထွက်နှုန်းများ ကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပြောင်းဖူးတစ်ဖူးလျှင် စတင်ပေါ်ပေါက်ချိန် ၂၀၂၅ခုနှစ် အောက်တိုဘာလက လက်ကား ဈေး ငွေကျပ် ၇၀၀ နှုန်းဖြင့် ဈေးပေါ်ပေါက်ခဲ့ပြီး၊ ယနေ့ စိုက်ပျိုးထွက်ရှိသော ပြောင်းဖူးလက်ကားဈေးမှာ ၃၀၀ကျပ်ခန့်သာ ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၈ သိန်းခန့် ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မအူပင်မြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့လည်းကောင်း၊ ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချလျက်ရှိရာ ပြောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)
