
စစ်ကိုင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်းမှကြီးမှူး၍ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံး၌ ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့ နေ့လည် (၁၂း၀၀) အချိန်တွင် ငါး၊ ပုဇွန်တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည် အသွေးထိန်းသိမ်းခြင်းသင်တန်းတွင် သင်တန်းသား/သူ (၂၅)ဦးတို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းသိကောင်းစရာများဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅) ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၉။ ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင့် ဖြစ်စေ၊ Call Center နံပါတ် 1535 တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်းနှင့် အွန်းလိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
