
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့၊မြို့တော်ခန်းမ၌ (၂၀-၁-၂၀၂၆)ရက်နေ့တွင် ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ မြို့နယ်အတွင်းရှိ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အိမ်ခြံမြေရောင်းဝယ်နေသော အသင်းအဖွဲ့များအားခေါ်ယူ၍ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးရဲထူးမှ Social Mediaများပေါ်တွင် တရားမဝင် မြေယာရောင်းချမှုများအပေါ် ထိန်းသိမ်းကြပ်မတ်နိုင်ရေးအတွက် ခေါ်ယူဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်ရာတွင် အများပြည်သူများ စိတ်ဝင်စားမှုမြင့်မားလာမှုအပေါ် အခွင့်ကောင်းယူပြီး စီးပွားရေးသမားများမှ တရားဝင်ရောင်းချပိုင်ခွင့်မရှိသော မြေလွတ်၊ မြေရိုင်း၊ သစ်တောမြေအပါအဝင် ရွာနယ်နိမိတ်နှင့် ဆက်စပ်နေသော စိုက်ပျိုးမြေများကို စည်းကမ်းမဲ့စွာ အကွက်ရိုက်ပြီး Social Media များအပါအဝင် နည်းလမ်းမျိုးစုံဖြင့် လိမ်လည်ရောင်းချနေမှုများကြောင့် ဝယ်ယူမိသော ပြည်သူများမှ ထိခိုက်နစ်နာမှုများရှိလာပါကြောင်း၊ ဥပဒေနှင့်မညီသည့် မြေယာကျူးကျော်မှု၊ အကွက်ရိုက်မှုများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ အများပြည်သူထိခိုက်မှုအနည်းဆုံးဖြစ်စေရန်၊ ထိရောက်သည့်ဟန့်တားမှုနှင့် ဥပဒေနှင့်အညီဖြစ်စေရန် အခက်အခဲများစွာရင်ဆိုင်ရပါကြောင်း၊ ပြည်သူတွေဘက်ကလည်း နိုင်ငံတော်မှပြဌာန်းထားသော ဥပဒေများကို လိုက်နာစောင့်ထိန်းရန်တာဝန်ရှိပါကြောင်း၊ တစ်ပါးသူ မထိခိုက်စေရေး ကိုယ်ချင်းစာတရားထားဖို့ လိုအပ်ပါကြောင်း၊ မိဘပြည်သူများအနေနှင့်လည်း ပူးပေါင်းပါဝင်ပြီး စုပေါင်းဝိုင်းဝန်း ထိန်းသိမ်းပေးကြဖို့ လိုအပ်ပါကြောင်းပြောကြားခဲ့ပြီး ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်တာဝန်ခံ ဦးသက်လွင်ထူးက ဆွေးနွေးရာတွင် ယခု Social Media များဖြစ်သော Facebook ၊ Tik Tok ၊ You tube ၊ Telegram များ၌ မြေယာရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ Online Sale မှတ်ပုံတင်ထားရှိရန်လိုအပ်ပါကြောင်း၊ Online ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်(၂၁-၇-၂၀၂၃)ရက်နေ့၊ အမိန့်ကြော်ငြာ စာအမှတ်၊ ၅၀/၂၀၂၃ ဖြင့် ထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ထုတ်ပြန်ပြီး (၆)လ ပြည့်သည့် နေ့ရက်မှ စတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက် ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ်(၆)လ မှ (၃)နှစ်အထိ ချမှတ်ခံရမည့်အပြင် ကျပ်(၅)သိန်း ထက်မပိုသော ငွေဒဏ်လည်းချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ ကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉)ဖြင့် ပြဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေတွင် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များ၊ အခန်း(၂၃)ပါ တားမြစ်ချက်များ၊ မည်သူမဆို ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မဟုတ်မမှန်သော သတင်းအချက်အလက်များပါဝင်သည့် ကြော်ငြာများကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိ၍ တိုင်ကြားလာပါက စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် အရေးယူဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အိမ်ခြံမြေရောင်းဝယ်နေသော အသင်းအဖွဲ့များ စုစုပေါင်း(၃၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
