
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ Online ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများနှင့် အခါအားလျော်စွာ သတ်မှတ်ပြဌာန်းထုတ်ပြန်ချက်များကို စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိစေနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ (၁၆.၁.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)သည် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ (My RO)နှင့် ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် ခရိုင်တာဝန်ခံ က ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့် ပါတ်သက်၍ ဆွေးနွေးရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online-My RO)အား အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိရာ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း ဆိုင်ရာအမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် (၂၅)တန်နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင် မှတ်ပုံတင်လျှောက် ထားရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက်ထားပြီးသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါစနစ်တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်လချုပ် Update စာရင်း ရေးသွင်းခြင်းကို လစဉ် လဆန်း(၁၀)ရက်အတွင်း မပျက်မကွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေးသွင်းသည့် ကုန်စည်အရေ အတွက်များနှင့် မြေပြင်ရှိ ကုန်အရေအတွက်များလည်း မှန်ကန်မှုရှိရန် လိုအပ်ပါကြောင်း၊ မှတ်ပုံတင်ပြီးတစ်နှစ်ပြည့်မြောက်ပါက သက်တမ်းတိုးပြန်လည် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်း အဆင့်ဆင့်နှင့် ရ/ထုတ်/ကျန် ရေးသွင်းခြင်းအဆင့်ဆင့်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
