Main menu

ပခုက္ကူခရိုင်အတွင်း ကြက်သွန်နီ မိုးစိုက် (ခေါ်) ဥစိုက် စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက် နှိုင်းယှဉ်ချက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ မြို့နယ် များရှိကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားပြီး ရာသီအလိုက် သီးနှံ မျိုးစုံ စိုက်ပျိုးလျက်ရှိပါသည်။ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီကို နှစ်စဉ် မိုးစိုက် (ခေါ်) ဥစိုက်နှင့် ဆောင်း(အပင်စိုက်)ဟူ၍ ရာသီအလိုက် စိုက်ပျိုး ကြပါသည်။ ယခုနှစ်တွင် မိုးစိုက် (ခေါ်)ဥစိုက်ကို စက်တင်ဘာ၊ အောက်တိုဘာလများတွင် စိုက်ပျိုး ကြပြီး ဒီဇင်ဘာလမှစ၍ ဇန်နဝါရီလတွင် ထွက်ပေါ်လျက်ရှိပြီး ဆောင်း(အပင်)စိုက်များကို ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် စိုက်ပျိုးကြပါသည်။ မတ်၊ ဧပြီလများတွင် ထွက်ပေါ်ကြမည်ဖြစ်ပါသည်။ မိုးစိုက် (ခေါ်) ဥစိုက် ကြက်သွန်နီများမှာ ဈေးကွက်အတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်၍ ဈေးကောင်း ရလျက်ရှိကြောင်း သိရှိရပါသည်။

    ပခုက္ကူခရိုင်အတွင်း ကြက်သွန်နီ စိုက်ဧကများအနေဖြင့် ပခုက္ကူမြို့တွင် (၂၄၂၆) ဧက၊ ရေစကြိုမြို့တွင်(၈၈၅၈)ဧက၊မြိုင်မြို့တွင်(၃၇၅)ဧက၊ပေါက်မြို့တွင် (၁၈၃၁)ဧကနှင့် ဆိပ်ဖြူမြို့နယ် တွင်(၇၉၀၁)ဧက၊ စုစုပေါင်း (၂၁၃၉၁)ဧက ပခုက္ကူခရိုင်အတွင်း စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုး ရေး ဦးစီးဌာနမှသိရှိရပါသည်။

တစ်ဧက ကုန်ကျစရိတ်

     ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီ မိုးစိုက် (ခေါ်) ဥစိုက် ()ဧက ကုန်ကျစရိတ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅  ခုနှစ်များ၏ ကုန်ကျ စရိတ်များကို နှိုင်းယှဉ်ကြည့်ရာတွင် ၂၀၂၃ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ်စုစုပေါင်း (၂၂) သိန်းခန့်၊ ၂၀၂၄ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ် စုစုပေါင်း (၂၇) သိန်းခန့်၊ ၂၀၂၅ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ် စုစုပေါင်း (၃၅)သိန်းခန့် ကုန်ကျပြီး၊ မြို့နယ်များ အနေဖြင့် တစ်မြို့နှင့်တစ်မြို့ သွင်းအားစုနှင့် ရိတ်သိမ်းစရိတ်များမှာ အနည်းငယ်ကွာခြားလျက် ရှိသည့် အတွက် ယခုကုန်ကျစရိတ်များမှာ ပျမ်းမျှ ကုန်ကျစရိတ်များဖြစ်ကြောင်း  သိရှိရပါသည်။

တစ်ဧက ထွက်ရှိမှု

   ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီ မိုးစိုက် (ခေါ်) ဥစိုက် တစ်ဧကထွက်ရှိမှုများကို  ၂၀၂၄ ခုနှစ်၊ ၂၀၂၅ ခုနှစ် နှင့် ၂၀၂၆  ခုနှစ်များ၏ ထွက်ရှိမှုများကို နှိုင်းယှဉ်ကြည့်ရာတွင်  -

မြို့နယ်         ၂၀၂၄ ခုနှစ်            ၂၀၂၅ ခုနှစ်                ၂၀၂၆ ခုနှစ်

ပခုက္ကူ                  -                           -                              -

ရေစကြို        ၄၅၀၀ ပိဿာ        ၄၅၀၀ ပိဿာ             ၄၇၀၀ ပိဿာ

မြိုင်                      -                           -                              -

ပေါက်           ၅၀၀၀ ပိဿာ        ၅၀၅၀ ပိဿာ              ၅၀၀၀ ပိဿာ

ဆိပ်ဖြူ          ၅၅၀၀ ပိဿာ        ၅၃၀၀ ပိဿာ              ၅၅၀၀ ပိဿာ

    ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် စားဖိုဆောင်သီးနှံဖြစ်သည့် မိုးစိုက်(ခေါ်)ဥစိုက် () ဧက ထွက်ရှိမှုများကို နှိုင်းယှဉ်ကြည့်ရာတွင် မြို့နယ်အလိုက် ရာသီဥတု၊ ရေ၊ မြေ၊ သဘာဝနှင့် သွင်းအားစု ကွာခြားချက်ကြောင့် ()ဧက အထွက်ပိဿာများ မတူညီခြင်း၊ ထွက်ရှိမှုကို နှစ်အလိုက် နှိုင်းယှဉ် ကြည့်မည်ဆိုလျှင် အထွက်ပိဿာများမှာ သိသိသာသာ ကွာခြားချက်မရှိပဲ တောင်သူများ၏ အကျိုး အမြတ်ကိုတွက်ကြည့်မည်ဆိုလျှင် ပြည်တွင်း/ပြည်ပဈေးနှုန်း/ဈေးကွက်ဝယ်လိုအားပေါ်တွင် မူတည် ပြီး အကျိုးအမြတ်ခံစားခွင့် ရရှိနေကြောင်းတွေ့ရှိရပါသည်။ ယခင်နှစ်က စိုက်ပျိုးခဲ့သော ဆောင်း (အပင်)စိုက်မှ ရရှိခဲ့သည့် ဒေသအခေါ် ကြမ်းကျွံနှင့် ဇော်မွှား မျိုးဥများ ရှိပြီးသားဖြစ်သည့် အတွက် သွင်းအားစုနှင့် လုပ်အားခသာ ကုန်ကျမည်ဖြစ်၍ တောင်သူများအနေဖြင့် ဈေးနှုန်း/ ဈေးကွက်ကို မျှော်ကိုးပြီး နှစ်စဉ်စိုက်ပျိုးနေကြကြောင်း သိရှိရပါသည်။   

ဈေးနှုန်းဈေးကွက်

    ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် စိုက်ပျိုးထွက်ရှိသော စားဖိုဆောင်သီးနှံဖြစ်သည့် မိုးစိုက်(ခေါ်) ဥစိုက် ကြက်သွန်နီမှာ ပခုက္ကူ/ ဆိပ်ဖြူမြို့ရှိ ကြက်သွန်ဒိုင်များတွင် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့ကုန်စည်ဒိုင်တွင်ဇန်နဝါရီလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ်၊ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်များ၏ ဈေးနှုန်းဈေးကွက် နှိုင်းယှဉ်ချက်မှာ -

အမျိုးအစား

၂၀၂၄ ခုနှစ်ဈေးနှုန်း

အနိမ့်/အမြင့်

၂၀၂၅ ခုနှစ်ဈေးနှုန်း

အနိမ့်/အမြင့်

၂၀၂၆ ခုနှစ်ဈေးနှုန်း

အနိမ့်/အမြင့်

အကြီးစ

၁၆၅၀/ ၂၆၀၀

၂၃၀၀/- ၃၂၀၀

၂၄၀၀/ ၃၂၅၀

အသေးစ

၃၀၀/ ၁၄၀၀

၅၀၀/ ၁၅၀၀

၃၀၀/ ၁၇၀၀

     ဈေးကွက်အနေဖြင့် မိုးစိုက်(ခေါ်) ဥစိုက် ကြက်သွန်နီများကို ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ပြီး ပြည်ပသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ မိုးစိုက် (ခေါ်) ဥစိုက် ကြက်သွန်နီ၏ နှစ်အလိုက်ဈေးနှုန်း နှိုင်းယှဉ်မှုကိုကြည့်မည်ဆိုလျှင် သိသိသာသာ ဈေးနှုန်းကွာခြားမှုမရှိသော်လည်း ယခင်ဆောင်း (အပင်)စိုက် ကြက်သွန်နီဈေးနှုန်းများမှာ ကျပ်(၅၀၀ မှ ၁၅၀၀) ဈေးသာ အရောင်း အဝယ်ဖြစ်ပြီး ကြက်သွန်နီဈေးနှုန်းမှာ ဈေးမရရှိခဲ့သည့်အတွက် ကြက်သွန်မျိုးဥ လက်ဝယ်ရှိသည့် တောင်သူများသာ စိုက်ပျိုးခဲ့ပြီး ကြက်သွန်နီပေါ်ချိန်တွင် ပြည်ပ ယိုးဒယားနိုင်ငံမှ ဝယ်ယူခဲ့သည့် အတွက် ကြက်သွန်နီဈေးမှာ မနှစ်က အမြင့်ဆုံးဈေးထက် ကျပ်(၅၀) ပိုမိုရရှိခဲ့ပြီး ကြက်သွန်နီစိုက် တောင်သူများမှာ အကျိုးအမြတ်များရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ဆောင်းအပင်စိုက်များများစွာ စိုက်ပျိုးခဲ့ကြောင်း၊ ယခုဖြစ်ပေါ်နေသည့် ဈေးနှုန်းသာ ရရှိမည်ဆိုလျှင် ကြက်သွန်နီစိုက်တောင်သူများ အကျိုးအမြတ်များစွာရရှိမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)