
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြစ်ခြေမြို့နယ်ဒေသများနှင့် ရေစကြိုမြို့နယ် များသည် (CP)ပြောင်း အများဆုံး ထွက်ရှိသောဒေသများဖြစ်သည်။ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်း အရ ၂၀၂၂ - ၂၀၂၃ ခုနှစ် တွင် အစေ့ထုတ်ပြောင်း စိုက်ဧက (၂၁၁၄၀)ဧက၊ ၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် (၂၁၃၆၈)ဧကရှိသော်လည်း ယခုနှစ်တွင် နှမ်းသီးနှံနှင့် ပဲမျိုးစုံကို ပိုမိုစိုက်ပျိုးလာခြင်းကြောင့် CP ပြောင်း စိုက်ဧက (၁၂၅၁၈)ဧက ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအချိန်တွင် လှိုင်လှိုင် ဝင်ရောက်လျက် ရှိကြောင်း၊ ယခင်ပေါ်စအချိန်တွင် တစ်တင်းလျှင် ကျပ်(၁၉၅၀၀)ရှိသော်လည်း ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)တွင် တစ်တင်းလျှင် ကျပ်(၂၄၀၀၀)ဈေးရှိနေပြီး ဝင်ရောက် သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ယခင်နှစ်ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ်(၂၀၂၀၀)ခန့်ရှိခဲ့ပြီးတစ်ဧက ကုန်ကျစရိတ်မှာ ကျပ် (၈၀၀၀၀၀)၊ အကျိုးအမြတ် ကျပ်(၆၀၀၀၀၀)ခန့်ရရှိခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် လုပ်အားခ များပြားခြင်း၊ လုပ်သားရှားပါးခြင်း၊ သွင်းအားစုများ ဈေးမြင့်လာသောကြောင့် တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်(၁၂၀၀၀၀၀)ခန့် ရှိကြောင်း၊ တစ်ဧက ပျမ်းမျှ အထွက်နှုန်းအနေဖြင့် တင်း(၁၀၀)ကျော်ထွက်ရှိပြီး ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် ကျပ်(၂၄၀၀၀)ခန့် ရှိသောကြောင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် ကျပ်(၁၁၀၀၀၀၀)ခန့်ရရှိကြောင်း၊ အစေ့ထုတ်၍ ရလာ သော ပြောင်းဖတ်များကိုလည်း ကုန်ကြမ်းအဖြစ် ရောင်းချရသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိလျက်ရှိပါသည်။
အစေ့ထုတ်ပြောင်း (CP)ကို ပြန်လည်ဖြန့်ဖြူးရာတွင် ဒေသတွင်းအနေဖြင့် မွေးမြူရေးအစာ ကုန်ကြမ်းထုတ်လုပ်သော ကြိတ်ခွဲစက်များ၊ ရန်ကုန်မြို့နှင့် ပြည်တွင်းဒေသအနှံ့အပြားသို့ တင်ပို့ လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
