Main menu

‌ရွှေဘိုမြို့၏ ဒေသထွက်ကုန်တစ်ခုဖြစ်သည့် ရွှေပြည်တော် ဝင်းကိတ်

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ဒေသထွက်ကုန် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်  MSMEsလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ မိတ်ဘက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

               ရွှေဘိုဒေသထွက်နာမည်ကြီး ထုတ်ကုန်တစ်ခုဖြစ်သည့် ရွှေပြည်တော်ဝင်းကိတ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ဝင်းကိတ်မုန့်လုပ်ငန်းကို (၁၉၇၆)ခုနှစ်မှစတင်လုပ်ကိုင်ခဲ့ပြီး အရည်အသွေးမှန်၊ ဈေးနှုန်းမှန်သဖြင့် ယနေ့အချိန်ထိ နာမည်ကျော်ကြားမှု ဂုဏ်သတင်းထိန်းသိမ်းနိုင်သော လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ ရွှေဘိုဒေသထွက်ကုန်တစ်ခုဖြစ်သည့် ရွှေပြည်တော် ဝင်းကိတ်မုန့်သည် ရွှေဘိုမြို့၏နာမည်ကြီး ထုတ်ကုန်တစ်ခုဖြစ်ပြီး စားသုံးသူပြည်သူများမှ ရွှေဘိုမြို့နှင့် ဝင်းကိတ်ကို တွဲ၍သိရှိကြကြောင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်မှလည်း စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းလိုင်စင်၊ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်သော ထုတ်ကုန်တစ်ခုဖြစ်ပါသည်။

ကုန်ကြမ်းရရှိမှုအခြေအနေ

          ကိတ်မုန့်ပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် ဂျုံ၊ သကြား၊ ကြက်ဥ၊ ဆီ၊ ရေသန့်နှင့် Baking powder တို့ကို အသုံးပြုရကြောင်း၊ ကုန်ကြမ်းအတွက်လိုအပ်သော ဂျုံမန္တလေးမြို့မှ အဓိကဝယ်ယူပြီး လိုအပ်ပါက ရွှေဘိုမြို့ပေါ်မှလည်း ဝယ်ယူကြောင်း၊ ကြက်ဥကို စစ်ကိုင်းမြို့နှင့် တောင်မြို့မှဝယ်ယူပြီး လိုအပ်သောဆီကို စားသုံးသူရေးရာဦးစီးဌာနတွင် စက်မှုလုပ်ငန်းသုံးဆီလျှောက်ကာ ထုတ်ယူသုံးစွဲလျက်ရှိကြောင်း သိရှိရ ပါသည်။

လုပ်သားသုံးစွဲမှုနှင့် ထုတ်လုပ်ပုံအဆင့်ဆင့်

            ဝင်းကိတ်မုန့်ကို နေ့စဉ်လုပ်သား(၁၀)ဦးဖြင့် နေ့စဉ်နေ့တစ်ပိုင်းပြုလုပ်ကြောင်း၊ ကားလမ်းခရီး ဆက်သွယ်ရေးအဆင်ပြေသည့်အပေါ်မူတည်၍ ပိုမိုထုတ်လုပ်လျှက်ရှိပြီး နေ့စဉ်ပုံမှန် ကိတ်မုန့်အလုံးရေ (၃၃၀)ခန့်ထုတ်လုပ်လျှက်ရှိကြောင်း၊ နေ့စဉ်မုန့်မွေစက်(၄)လုံး၊ မုန့်ဖုတ်စက် နှစ်လုံးဖြင့်ပြုလုပ်လျက်ရှိရာ တစ်ထုတ်လုပ်သမျှကိတ်မုန့်များ နေ့စဉ်ရောင်းကုန်ကြောင်း၊ မုန့်မွေစက်(၂)လုံးမွေပါက မုန့်ဖုတ်စက်ဖြင့် တစ်ခါမုန့်ဖုတ်၍ရပြီး မုန့်မွေချိန်မိနစ်(၃၀)ခန့်နှင့် မုန်ဖုတ်ချိန်မိနစ်(၃၀)၊ (၄၀)ခန့်ကြာမြင့်ကြောင်း၊ အခါကြီး၊ ရက်ကြီးများတွင် မုန့်အဝယ်၊ အမှာများသော်လည်း ကျွမ်းကျင်လုပ်သားနည်းပါး၍ ပုံမှန်အတိုင်း သာပြုလုပ်ရသဖြင့် လုံလောက်စွာရောင်း ချနိုင်မှုမရှိကြောင်းသိရှိရပါသည်။   

 

 

ထုတ်လုပ်သည့်အမျိုးအစား၊ ဈေးနှုန်းနှင့်ဈေးကွက်အခြေအနေ

                 ဝင်းကိတ်မုန့်ကို ယခင်ကတည်းက ရိုးရိုးကိတ်၊ ထောပတ်ကိတ်၊ ဌက်ပျောကိတ်၊ သုံးထပ်ကိတ်နှင့် ကိတ်ခြောက်ဟူ၍ အမျိုးအစား(၅)မျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့ရာ ယနေ့အချိန်ထိဖြစ်ကြောင်း၊ ရောင်းချသည့်ဈေးနှုန်းများမှာ ရိုးရိုးကိတ်နှင့် ဌက်ပျောကိတ်တစ်လုံးလျှင် လက်လီ/လက်ကား(၃၅၀ဝိ/-) ကျပ်၊ ထောပတ်ကိတ်နှင့် သုံးထပ်ကိတ်တစ်လုံးလျှင် လက်လီ/လက်ကား(၄၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မိမိတို့ဆိုင်တွင် တွင်ကျယ်စွာကိုယ်တိုင်ရောင်းချခြင်း၊ ရွှေဘိုမြို့ ပေါ်ရှိဆိုင်များ၊ မြို့နှင့်အနီးတစ်ဝိုက်ရှိကျေုးရွာများအပြင် ဝင်းကိတ်မုန့်လုပ်ငန်းသည် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၊ မန္တလေး-မြစ်ကြီးနားလမ်းပေါ်တွင် တည်ရှိသဖြင့် ခရီးသွားပြည်သူများမှလည်း ဝယ်ယူကြကြောင်းသည့်အပြင် အလှူ၊ မင်္ဂလာ ဧည့်ခံပွဲများကိုလည်း အထူးအော်ဒါဆောင်ရွက်ပေးလျက် ရှိကြောင်းသိရှိရပါသည်။

ရရှိသည့်အကျိုးကျေးဇူးများ

               ဝင်းကိတ်မုန့်လုပ်ငန်းအနေဖြင့် အကောင်းကြိုက်သူတိုင်း ကိတ်ကောင်းစားဘူး သူတိုင်း နှစ်သက်အားပေးကြသော ဒေသထွက်ကုန်ဖြစ်သည့်အတွက် မုန့်လုပ်ရာတွင်ဌားရမ်းရသည့်လုပ်သားများ၊ ဆိုင်တွင်ရောင်းချရန်ဌားရမ်းထားသည့်လုပ်သားများ၊ ရောင်းချသည့်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများပေးနေသည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ဒေသထွက်ကုန်  MSMEsလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ခြင်း၊ နိုင်ငံတော်မှလည်း ကျသင့်သည့်အခွန်ငွေများရရှိခြင်း စသည့်အကျိူးကျေးဇူးများ ရရှိကြောင်းရေးသားလိုက်ရပါသည်။

DOCA(စစ်ကိုင်း)