
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံဖြစ်သည့်နှမ်းကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (ပထမပတ်)မှစတင်၍ စိုက်ပျိုး လျက်ရှိပါသည်။ စိုက်ပျိုးထားသည့်နှမ်းအမျိုးအစားများမှာ နှမ်းဝါ၊ စမုံနက်၊ ဆင်းရတနာ-၁၀ စသည့်မျိုးတို့ကို စိုက်ပျိုးထားကြောင်း သိရသည်။
စိုက်ပျိူး၍ထွက်ရှိလာသော နှမ်းသီးနှံကို ဆီစက်များသို့ ကိုယ်တိုင်ဆီကြိတ်၍ ဆီရရှိမှသာ ရောင်းချလျက်ရှိပြီး နှမ်းဖတ်များကိုလည်း အမှုန့်ကြိတ်၍ မြေဩဇာအဖြစ် အသုံးပြုကြကြောင်း၊ ပေါက်မြို့နယ်ရှိ နှမ်းစိုက်တောင်သူများသည် ပခုက္ကူမြို့ပေါ်သို့ သွားရောက်ရောင်းချရန် လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် ဒေသတွင်းစားသုံးရန်အတွက် ကြိတ်ခွဲ၍ ရောင်းချကြပါကြောင်း၊ နှမ်းတစ်တင်းကြိတ်လျှင် ဆီ(၆-၇)ပိဿာ၊ နှမ်းဖတ်(၈)ပိဿာထွက်ရှိပြီး နှမ်းအမျိုးအစားပေါ်မူ တည်၍ အထွက်နှုန်းကွာခြားပါကြောင်း၊ ကြိတ်ခွဲခမှာ ကျပ်(၁၆၀၀၀)ပေးရပြီး နှမ်းဖတ် တစ်ပိဿာ လျှင် ကျပ်(၆၀၀၀)ဖြင့်ရောင်းချရကြောင်း၊ နှမ်းဖတ် အမှုန့်ကြိတ်ခမှာ တစ်ပိဿာလျှင် ကျပ်(၁၂၀၀) ပေးရကြောင်း၊ ပေါက်မြို့ပေါ်တွင် နှမ်းဆီဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၉၀၀၀)ဖြင့် ရောင်းချပြီး အခြား စားသုံးဆီ ဈေးနှုန်းများထက် နှမ်းဆီကို ပို၍ သုံးစွဲကြသဖြင့် ဆီကြိတ်ခွဲ ရောင်းချရသည်မှာ တွက်ခြေကိုက်ကြောင်း၊ ပေါက်မြို့ပေါ်နှင့် ကျေးရွာများတွင် နှမ်းဆီကြိတ်စက်များ (၁၅)လုံးခန့် ရှိကြောင်း နှမ်းစိုက် တောင်သူများ၏ ပြောပြချက် အရ သိရှိရပါသည်။
DOCA(မကွေး)
