Main menu

၂၀၂၆ ခုနှစ်၌ ဗီယက်နမ်ထံမှ ဆန်တန်ချိန် ၂.၅ သန်း ဖိလစ်ပိုင် ဝယ်ယူတင်သွင်းဖွယ်ရှိ

Powered by Drupal

    ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် ၎င်း၏ ၂၀၂၆ ခုနှစ် ဝယ်ယူရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဗီယက်နမ်ထံမှ ဆန်တန်ချိန် ၂.၅ သန်းကို ကနဦး ဝယ်ယူတင်သွင်းနိုင်ရေးအတွက် သဘော တူညီချက် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု Voice of Vietnam (VOV) သတင်းဌာနက ဖော်ပြပါသည်။

    ဖိလစ်ပိုင်နိုင်ငံရှိ ဗီယက်နမ် ကုန်သွယ်ရေးသံမှူး Le Phu Cuong နှင့် ဖိလစ်ပိုင် စိုက်ပျိုးရေး အတွင်းဝန် Francisco P. Tiu Laurel Jr. တို့ မကြာသေးမီကတွေ့ဆုံခဲ့သည့် အစည်းအဝေး တစ်ရပ်၌ ထုတ်ဖော်ပြောဆိုခဲ့သည့် အချက်အလက်များအရ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၃.၆ သန်းခန့်ကို တင်သွင်းဖွယ်ရှိပြီး ၎င်းအနက် ဗီယက်နမ်ဆန်ကို တင်သွင်းမှုသည် ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်အထိ ရှိနိုင်ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်ရေးကို လွှမ်းခြုံမှုရှိပြီး ဆန်ကုန်သွယ်မှုသည် အဓိက အလေးပေး သည့် ကဏ္ဍအဖြစ် ပါဝင်ခဲ့သည်။

    နှစ်နိုင်ငံကြား ဆန်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ခြင်းကို အကောင်အထည်ဖော်ရာတွင် သဘောတူညီချက်တစ်ရပ် ရေးထိုးဆောင်ရွက်ရန် ဖိလစ်ပိုင် စိုက်ပျိုးရေးအတွင်းဝန်က အဆိုပြုခဲ့ သည်။ သို့သော် ဖိလစ်ပိုင်အနေဖြင့် ၎င်း၏ ဒေသခံတောင်သူများကို အကာအကွယ်ပေးနိုင်ရန် တင် သွင်းမည့် ဆန်ပမာဏကို ချိန်ညှိစီမံခန့်ခွဲမည်ဖြစ်ပြီး အထူးသဖြင့် ပြည်တွင်း၌ သီးနှံများ ရိတ်သိမ်း ထွက်ပေါ်ချိန်များတွင် ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် ဗီယက်နမ် အပါအဝင် မိတ်ဖက်နိုင်ငံ များထံမှ ဆန်တင်သွင်းခြင်းအပေါ် စည်းကြပ်မည့် အကောက်ခွန်နှုန်းထားများနှင့် စပ်လျဉ်းသည့် မူဝါဒများကိုလည်း Mr. Laurel က ဆွေးနွေးပြောကြားခဲ့သည်။

    ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိရာ အထူးသဖြင့် ၎င်း၏ မူဝါဒများ ပြောင်းလဲပြင်ဆင်ခြင်းကို မပြုလုပ်မီ၌ အာဆီယံ ဆွေးနွေးတိုင်ပင်မှု ယန္တရားစနစ်မှတစ်ဆင့် ပေါင်းစပ်ညှိနှိုင်းခြင်းကို ပိုမိုကောင်းမွန်စေရေး ဆောင် ရွက်ရန် ဗီယက်နမ် ကုန်သွယ်ရေးသံမှူး Mr. Cuong က တိုက်တွန်းပြောဆိုခဲ့သည်။ ထို့အပြင် ဖိလစ်ပိုင် အာဏာပိုင်များအနေဖြင့် ဆန်အပြင် ဗီယက်နမ်၏ အခြားသော လယ်ယာထွက်ကုန်များ ဈေးကွက်ဝင်ရောက်မှုကို တိုးချဲ့နိုင်ရေး စဉ်းစားဆောင်ရွက်ပေးရန် ၎င်းက ပြောကြားခဲ့သည်။

    ဗီယက်နမ်ဘက်မှ ဆွေးနွေးချက်အပေါ် တုံ့ပြန်မှုအဖြစ် လတ်ဆတ်သော ငရုတ်သီးအရှည် များ၊ ငရုတ်ပွသီးများ၊ ကြက်သွန်ဖြူ၊ မုန်လာဥဝါများနှင့် ကြက်သွန်နီတို့ကဲ့သို့သော ကုန်စည်များ အပေါ် ဖိလစ်ပိုင်နိုင်ငံဘက်မှ ခိုင်မာသည့် ဝယ်လိုအားရှိကြောင်း၊ ဗီယက်နမ်လုပ်ငန်းရှင်များ အနေ ဖြင့် ၎င်းတို့၏ကုန်စည်ပေးသွင်းနိုင်စွမ်းကိုမြှင့်တင်လျက် ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့နိုင်ကြောင်း၊ ဖိလစ်ပိုင်၏ ရေထွက်ကုန်၊ အေးခဲကြက်သား၊ ကြက်ခြေထောက်နှင့် အခြားသော ကုန်စည်များ ဗီယက်နမ်ဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ဖွင့်လှစ်ပေးစေလိုကြောင်းဖြင့် ဖိလစ်ပိုင် စိုက်ပျိုးရေး အတွင်းဝန်က ပြောဆိုခဲ့သည်။

    လယ်ယာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ မျှဝေခြင်းနှင့် ဖိလစ်ပိုင် နိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသည့် ဗီယက်နမ် လယ်ယာစီးပွားရေးလုပ်ငန်းများသို့ ကူညီပံ့ပို့ခြင်းတို့တွင် ပေါင်းစပ်ညှိနှိုင်းမှုကို ပိုမိုအားကောင်းအောင် နှစ်နိုင်ငံဘက်မှ ဆောင်ရွက်သွားကြရန် ဖိလစ်ပိုင်ရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးက အဆိုပြုခဲ့ကြောင်း သိရှိရသည်။

Source: Voice of Vietnam, 14 Jan 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)