Main menu

“ပဲကြီးသီးနှံများအသီးအပွင့်ဝေဝေဆာဆာဖြင့်အောင်မြင်လျက်ရှိ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သောကြောင့် စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် မိသားစု အပိုဝင်‌ငွေရရှိရေးအတွက် ဆောင်းသီးနှံဖြစ်သော ပဲကြီး သီးနှံကို လယ်ကန်သင်းရိုးများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာရာမှ ယခုအခါတွင် တွက်ခြေကိုက် သီးနှံဖြစ်သောကြောင့် လယ်မြေ၊ယာမြေများတွင် စီးပွားဖြစ်အများအပြားစိုက်ပျိုးလာကြပါသည်။ ပဲကြီးသီးနှံကို အောက်တိုဘာလတွင် စတင် စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် ထွန်မွှေ ၊ စိုက်ကြောင်းဆွဲပြီး ကျင်းဖောက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ ရိတ်သိမ်း ၊ ချွေလှေ့ ၊ အလုပ်သမားခ အပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ကုန်ကြကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့်ပဲ ကြီးအခြောက်(၁၀-၁၂)တင်းခန့် ထွက်ရှိ ခဲ့ကြောင်း ၊ ဈေးနှုန်းအနေဖြင့် ပဲကြီးအခြောက် တစ်တင်းလျှင် (၈၀၀၀၀/-)ကျပ် ၊ ပဲကြီးအစို (၁)ပြည်လျှင်(၂၅၀၀-၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့်ရောင်းဝယ်ခဲ့ကြောင်း၊ ရိတ်သိမ်းပြီးပဲကြီးအခြောက် များကို ဒေသတွင်းရှိ ပွဲရုံများကိုသာ ရောင်းချကြပြီး ပဲကြီးလှော် ၊ ပဲကြီးကြော် လုပ်ငန်းရှင်များမှလည်း ကျေးရွာအရောက် လာရောက်ဝယ်ယူကြကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀/-) ကျပ်ဝန်းကျင်မြတ်ခဲ့ကြောင်း ၊ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် ပဲကြီးပင်များ အသီးအပွင့် ဝေဝေဆာဆာဖြင့် ကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းနေပြီး မကြာမီအချိန်တွင် စတင် ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း ၊ ပဲကြီးသီးနှံကို စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးသည်အထိ (၃)လ မှ (၆)လ ကြာမြင့်ပါကြောင်း၊ စိုက်ပျိုးပြီး(၃)လအကြာတွင် အဖူးအပွင့်များစတင်ဖူးပွင့်ကြောင်း ၊ (၄-၅)လ အကြာတွင်ပဲကြီးအစိုများစတင်ခူးဆွတ်နိုင်မည်ဖြစ်ကြောင်း၊ယခုအချိန်တွင် ပဲကြီးများ ထွက်ပေါ်ခြင်း မရှိသေးသော်လည်း ပဲကြီးစျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၁၁၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အ‌ရောင်းအဝယ်လျက်ရှိကြောင်း ၊ ပဲကြီးများ ထွက်ပေါ်ချိန်တွင်  အထွက်နှုန်းနှင့် စျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲကြီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)