
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာများစိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။ ဆောင်းနေကြာများကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ တို့တွင်စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်၌ ဆောင်းနေကြာ စိုက်ပျိုးထားရှိမှုကို တစ်မြို့နယ်လုံးအနေဖြင့် လျာထားဧက (၉၅၈၆)ဧက ရှိသည့်အနက် စိုက်ပျိုးပြီးဧက (၃၀၅၇) ဧကစိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရန် ကျန်ရှိသော ဧကများ လျာထားချက် ပြည့်မီအောင် ဆက်လက်စိုက်ပျိုးနေကြောင်း၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ယခင်နှစ် တစ်ဧကအထွက်နှုန်း အနေဖြင့်(၂၃) တင်း ခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ဆီနေကြာတစ်ပိဿာလျှင် (၆၇၀၀)ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊ တောင်သူများအနေဖြင့် နေကြာသီးနှံကို စိုက်ပျိုးမှုထားရှိမှုမှာ ဆင်းရွှေကြာ-၂ ၊ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း၊ ရာသီဥတုကောင်းပါက အထွက်နှုန်းကောင်းနိုင်ကြောင်း နေကြာစိုက်တောင်သူများထံမှ သိရှိရသည်။ နွားထိုးကြီးမြို့နယ်တွင် နေကြာဆီကြိတ်ခွဲ ထုတ်လုပ်ခြင်းမရှိကြောင်း၊ ထွက်ပေါ်ချိန်တွင် နေကြာများကို မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကုန်သည်တစ်ဦး၏ ပြောပြချက် အရသိရှိရသည်။
DOCA(မန္တလေး)
