
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ၉-၁၂-၂၀၂၅ ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန် က ပန်းတနော်မြို့နယ် ချောင်းကလေး ဇီးကုန်း အထက်တန်းကျောင်းတွင် မြို့နယ် ကျန်းမာရေး ဦးစီး ဌာနနှင့် အတူ ကျင်းပပြုလုပ်သည်။
အသိပညာပေး ဟောပြောမှု အစီအစဉ်တွင် ပန်းတနော်မြို့နယ် ဇီးကုန်းကျောင်းသားကျောင်းသူများကို ဟောပြောရာ စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က စားသုံးသူ ရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ ကာကွယ်ရေးရာ ဥပဒေဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့် ဗဟုသုတဖြစ်ဖွယ် များကိုလည်းကောင်း၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူ အခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် ကုန်စည်ဝန်ဆောင်မှုများအပေါ်တွင် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူ၏ တာဝန်များ အကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
စားသုံးသူထိခိုက်နစ်နာမှုများအတွက် အလွယ်တကူတိုင်ကြားနိုင်ရန်အလို့ငှာ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) များကို ဖွင့်လှစ်ဆောင်ရွက်ထားသကဲ့သို့ DOCA Website၊ DOCA Myanmar Mobile Application နှင့် Consumer Call Center များမှတစ်ဆင့် အဆင်ပြေသည့်နည်းလမ်းများကို ရွေးချယ်တိုင်ကြားနိုင်ပြီဖြစ်ကြောင်းကို အကျယ်တဝင့်ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
