
ဗီယက်နမ်-ကမ္ဘောဒီးယားနယ်စပ်ဒေသတစ်ခုထုတ်ကုန်တစ်မျိုးကုန်စည်ပြပွဲ (OCOP) ကို ဗီယက်နမ်နိုင်ငံ An Giang ပြည်နယ်၏ Tinh Bien ရပ်ကွက်တွင် ကျင်းပလျက်ရှိပြီး နှစ်နိုင်ငံ စလုံးမှ လုပ်ငန်းပေါင်း ၈၀ ကျော်တို့က ပြခန်းပေါင်း ၂၀၀ ကျော်ခင်းကျင်းပြသကာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရပါသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့မှစတင်ပြီး တစ်ပတ်ကြာကျင်းပ မည့်ပြပွဲကို ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် An Giang ပြည်နယ်ပြည်သူ့ ကော်မတီတို့က ပူးတွဲကြီးမှူးကျင်းပပြီး စီးပွားရေးချိတ်ဆက်မှုမြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်နှင့် နှစ်နိုင်ငံအကြားကုန်သွယ်ရေးဖလှယ်မှုတိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရပါ သည်။ ပါဝင်ဆင်နွှဲသည့်စီးပွားရေးလုပ်ငန်းများသည် ထောင်ပေါင်းများစွာသောဒေသထွက်ကုန် များ၊ OCOP အသိအမှတ်ပြုလက်မှတ်ရထုတ်ကုန်များ၊ စားသုံးကုန်များ၊ လက်မှုပစ္စည်းများနှင့် အရည်အသွေးမြင့်စိုက်ပျိုးရေးထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရပါသည်။ ယခုနှစ် ပွဲတော်၏အဓိကအလေးပေးမှုသည် ကြယ် ၃ ပွင့်နှင့် အထက်အဆင့်ရှိ ဗီယက်နမ် OCOP ထုတ်ကုန်များကို ခင်းကျင်းပြသရန်နှင့် ထိပ်တန်းအမှတ်တံဆိပ်ရှိထုတ်ကုန်များကို ကမ္ဘောဒီးယား ဈေးကွက်သို့ တင်ပို့မှုတိုးချဲ့ရန်ဖြစ်ကြောင်း သိရပါသည်။ ပြည်နယ်ပြည့်သူ့ကော်မတီ ဒုတိယဥက္ကဌ Le Trung Ho က ဗီယက်နမ်-ကမ္ဘောဒီးယား စီးပွားရေးဆက်ဆံမှုသည် လတ်တလောနှစ်များအတွင်း တိုးတက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံပတ်လည်မှ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်အထိ မြင့်တက်ခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။ Ho ၏အဆိုအရ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးသည် စီးပွားရေး ၏ အရေးပါသောအသက်သွေးကြောဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် An Giang ပြည်နယ်နှင့် ကမ္ဘောဒီးယားပြည်နယ်များအကြား ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၉၄၀ သန်းအထိရောက်ရှိခဲ့ပြီး An Giang ပြည်နယ်က အမေရိကန်ဒေါ်လာ ၅၃၁ သန်းတင်ပို့ခဲ့ကြောင်း သိရပါသည်။ ထိုကုန်စည်ပြပွဲသည် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားလုပ်ငန်း များတွေ့ဆုံရန်နှင့် အမှတ်တံဆိပ်များမြှင့်တင်ရန် အခွင့်အလမ်းတစ်ခုဖြစ်ပြီး ကုန်သွယ်ရေး ချိတ်ဆက်ရန်၊ စီးပွားရေးမိတ်ဖက်များရှာဖွေရန်၊ ဖြန့်ဖြူးရေးကွန်ယက်များတိုးချဲ့ရန်နှင့် အာမခံ ချက်ရှိသောနယ်စပ်ဈေးကွက်သို့ဝင်ရောက်ရန် စင်မြင့်တစ်ခဲ့ဖြစ်ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
