
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့ စလင်းချောင်းအနောက်ဘက်ရှိ နွယ်တမယ်၊ ချောင်းဖြူ၊ ချောင်းကောက်၊ ညောင်ကုန်း၊ ပန်းတော၊ မြောင်းဘောင် စသည့်ကျေးရွာ များမှတောင်သူများသည် စလင်းချောင်းရေကိုအမှီပြု၍ ဟင်းသီးဟင်းရွက် သီးနှံစားပင်မျိုးစုံကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ ယခုနှစ်တွင် စားသုံးသူများပြား၍ ဈေးကွက်အခိုင် အမာရှိသော စားဖိုဆောင်သုံး ရာသီစာကာလတိုသီးနှံဖြစ်သည့် ပန်းဂေါ်ဖီမှာ ဈေးကောင်းရ၍ တောင်သူများ ပိုမိုတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
ပန်းဂေါ်ဖီသည် မုန်လာအုပ်စုတွင်ပါဝင်သော အပင်များဖြစ်၍ မြေဆီဩဇာကြွယ်ဝသော မြေအမျိုးအစားကို ကြိုက်နှစ်သက်ကြောင်း၊ အေးသောရာသီဥတုကို ကြိုက်နှစ်သက်သော်လည်း အပူဒဏ်ခံနိုင်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း၊ ပူ၍ခြောက်သွေ့သော ရာသီဥတုတွင် ပန်းမပွင့်သည့် အတွက် အေးပြီးအစိုဓာတ်ရသောနေရာတွင် စိုက်ပျိုးသင့်ကြောင်း၊ ခြောက်သွေ့လွန်းသော ရာသီ ဥတုတွင် အပွင့်ဖြစ်ထွန်းရန်ခက်ခဲကြောင်း၊ မြေပြန့်ဒေသများတွင် စက်တင်ဘာနှင့် အောက်တိုဘာ လများတွင် စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများတွင် ဧပြီ၊ မေ၊ စက်တင်ဘာနှင့်အောက်တိုဘာ လများတွင် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုဘောင်ဖော်၍ အတန်းလိုက်စိုက်ပျိုးကြပြီး တစ်ပင်နှင့်တစ်ပင် (၁.၅-၂)ပေအကွာ၊ တစ်တန်းနှင့်တစ်တန်း(၂-၂.၅)ပေခန့်အကွာ စိုက်ပျိုးရ ကြောင်း၊ သို့မှသာလေဝင်လေထွက်ကောင်း၍ နေရောင်ခြည်ကောင်းစွာရရှိကာ အပင်ဖြစ်ထွန်း ကြောင်း၊ တစ်ပတ်လျှင်(၂)ကြိမ်ခန့် ရေသွင်းပေးရကြောင်း၊ အပင်သက်တမ်း(၃)လခန့်အကြာတွင် ပန်းပွင့်များစတင်ခူးဆွတ်နိုင်ကြောင်း၊ စတင်ခူးဆွတ်ချိန်မှ (၃-၄)လကြာအထိ ခူးဆွတ်ရောင်းချရ ကြောင်း၊ အဝေးသို့တင်ပို့ရောင်းချပါက အပင်ကိုအရွက်များ(၃-၄)ရွက်ခန့် ချန်၍ခုတ်ရကြောင်း စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရှိရသည်။ ဆင်ဖြူကျွန်းဒေသထွက် ပန်းဂေါ်ဖီပွင့်များကို ပွင့်ဖြူ၊ စလင်း၊ စကု၊ မင်းဘူး၊ မကွေးမြို့များသို့ တင်ပို့ရောင်းချကြပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယပတ်) တွင် ပန်းဂေါ်ဖီပွင့်အရွယ်အစားပေါ်မူတည်၍ တစ်ပွင့်လျှင် ကျပ်(၁၅၀၀)မှ ကျပ်(၂၀၀၀)အထိ ဈေး ကောင်းရရှိကြောင်းသိရှိရသည်။ ရာသီပေါ်သီးနှံဖြစ်၍ စားသုံးသူဈေးကွက်၌လည်း အရောင်းသွက် လျက်ရှိသောကြောင့် ဆင်ဖြူကျွန်းဒေသရှိ ပန်းဂေါ်ဖီစိုက်ပျိုးသူ တောင်သူများအနေဖြင့် ဝင်ငွေ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
