
ယခုဒီဇင်ဘာလဆန်းပိုင်းတွင် ပြောင်းဈေးနှုန်းပြန်လည်လှုပ်ရှားလာသည်ဟု ပြောင်းကုန်သည် ပွဲစားများထံမှ သိရပါသည်။ ရှမ်းပြည်နယ်သည် အဓိကပြောင်းစိုက်ပျိုးထုတ်လုပ်ရာ ဒေသ ဖြစ် သော်လည်း စိုက်ဧကနှင့်အထွက်တန်ချိန် လျော့ကျဖွယ်ရှိနိုင်ပါသည်။ ပြောင်းသီးနှံသည် ထုတ်လုပ် မှုများသလို ပြည်တွင်းပြည်ပသုံးစွဲမှုများသည့် သီးနှံဖြစ်ပါသည်။
ယခုနှစ်အောက်တိုဘာ နိုဝင်ဘာလများတွင် ဈေးမြင့်ခဲ့သော်လည်း နိုဝင်ဘာလကုန်ပိုင်းတွင် ကုန်ဝင်များ၍ ဈေးကျခဲ့ပါသည်။ ယခု ဒီဇင်ဘာလဆန်းပိုင်းတွင် တောင်သူလက်ကျန်ပါးပြီး ကုန်ဝင် နည်းသဖြင့် ဈေးအနည်းငယ်မြင့်လာပါသည်။ ရှမ်းတောင်ပေါက်ဈေး တစ်ပိဿာ ၁၃၀၀ခန့်ရှိ၍ ရှမ်းတောင်ကုန်သည်များနှင့် ရန်ကုန်ပွဲစားများ အစိုဓာတ်ကင်းလွတ်ချိန် ဝယ်ယူသိုလှောင်သည့် အချိန်ဖြစ်၍ ဈေးတန်နေဦးမည်ဟု သိရပါသည်။
ပြောင်းသီးနှံသည် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်တင်ပို့နိုင်မည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် စတင်တင်ပို့နိုင်တော့မည်ဟု သိရပါသည်။ သို့ဖြစ်၍ ပြည်တွင်းသုံးနှင့် ပြည်ပတင်ပို့မှု မြင့်လာပြီး ဈေးနှုန်းလည်းမြင့်လာနိုင်မည်ဖြစ်ပါသည်။
ပြောင်းသီးနှံသည် ကုန်သွယ်မှုလမ်းကြောင်းများ ပွင့်လင်းလာမှု၊ ကုန်သွယ်ဖက်နိုင်ငံများ၏ ဈေးကွက်လိုအပ်ချက်အရ နှစ်စဉ်တောင်သူ/ပွဲစားများအတွက် အကျိုးပြုသီးနှံအဖြစ် တည်ရှိနေဦး မည်ဖြစ်၍ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။
DOCA(ရှမ်း)
