
ကြက်သွန်ဖြူသည် မိသားစုတိုင်းစားသုံးကြသည့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပါသည်။ ကြက်သွန်ဖြူမှာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိသည့် သီးနှံတစ်မျိုးဖြစ်သည့်အတွက် စားသုံးမှု မြင့်မားခြင်းဖြစ်ပါသည်။ ကြက်သွန်ဖြူသုံးစွဲမှု စစ်တမ်းများအရ လူတစ်ဦးလျှင် တရက် ၀.၁၂ ကျပ်သား၊ တလလျှင် ၀.၀၄ ပဲသား၊ တနှစ်လျှင် ၀.၄၃ ပိဿာခန့် စားသုံးသည်ဟု စာရင်းဇယားများ အရ သိရပါသည်။
ကြက်သွန်ဖြူဈေးကွက်တွင် ရှမ်းတောင်ကြက်သွန်ဖြူ၊ ကျောက်ဆည်ဖက်မှ အညာဒေသ ကြက်သွန်ဖြူ၊ တရုတ်(ကြူကုတ်) ကြက်သွန်ဖြူ၊ ရှမ်းမြောက် ခရမ်းစွဲကြက်သွန်ဖြူဟူ၍ ဈေးကွက်တွင် ရောင်းဝယ်နေကြပေသည်။ တရုတ်ကြက်သွန်ဖြူ(ကြူကုတ်) သည် ဈေးကွက်တွင် အခွံခွာရလွယ်ကူခြင်းကြောင့် စားသောက်ဆိုင်များနှင့် စားသုံးသူအချို့သာ သုံးစွဲပြီး ရှမ်းတောင် ကြက်သွန်ဖြူမှာ အနံ့အရသာကောင်းမွန်ပြီး ထားသိုသိမ်းဆည်းမှု တာရှည်ခံသဖြင့် အသုံးများ ကြသည်။ တရုတ်ကြက်သွန်ဖြူဈေးနှုန်းမှာလည်း ၁၃၀၀၀/၁၅၀၀၀ ခန့်ရှိ၍ ရှမ်းတောင်ကြက်သွန်ဖြူ ထူးလွန် ၈၅၀၀/၉၀၀၀ ခန့်နှင့် ဈေးနှုန်း တစ်ပိဿာ ၅၀၀၀ ခန့်ကွာခြားသဖြင့် သုံးစွဲမှုနှင့် ဈေးကွက် ကွာခြားခြင်း ဖြစ်ပါသည်။
ရှမ်းတောင်ကြက်သွန်ဖြူခေါ် အကျစ်စတွင် တီကျစ်၊ နောင်တရားဖက်မှထွက်သော အောင်ပန်းစ အကျစ်စနှင့် တောင်ကြီးဒေသ၊ ဟိုပုံးဒေသထွက် အပွစနှင့် မြောက်ပိုင်းခရမ်းစွဲစသည့် ကြက်သွန်ဖြူ များသည် အရည်အသွေးနှင့် ထုတ်လုပ်မှုအဆင့်အတန်းအရ ဈေးနှုန်း ဈေးကွက် ကွာခြားပါသည်။ အောင်ပန်းစခေါ် အကျစ်စမှာ ကြက်သွန်ဖြူဥ အမြင်လှပြီး ကျစ်လျစ် သဖြင့် အရည်အသွေးကောင်းပြီး ထားသိုသိမ်းဆည်းရာတွင် တာရှည်ခံသဖြင့် ဈေးကွက်တွင်ခိုင်မာပြီး ထူး၁ ၃၅၀၀၊ ထူး၂ ၄၅၀၀၊ ထူး၃ ၆၀၀၀၊ ထူး၄ ၇၅၀၀၊ ထူး၅ ၇၅၀၀၀၊ ထူးလွန် ၈၅၀၀ ဈေးပေါက်ပြီး တောင်ကြီးစနှင့် ခရမ်းစွဲကြက်သွန်ဖြူမှာ ဇကာချသန့်စင်ပြီး အဆင့်တွင် မျိုးချ ၂၅၀၀၊ ထူး၂ ၃၀၀၀၊ ထူး၃ ၃၅၀၀၊ ထူး၄ ၄၅၀၀၊ ထူး၅ ၅၅၀၀၊ ထူးလွန် ၇၀၀၀ ဈေးပေါက်သော်လည်း တောင်ကြီးစနှင့် ခရမ်းစွဲကြက်သွန်ဖြူမှာ အရောင်းအဝယ်သမားနှင့် အိမ်သုံးသူတို့အတွက် ဈေးလည်းသက်သာ အရည်အသွေးလည်းမကွာသည့်အတွက် ထူး၃၊ ထူး၄ အရွယ်များကို တအိတ် ၃၀ ပိဿာခန့်ဖြင့် တပိဿာလျှင် ၃၅၀၀ ဈေးဖြင့် အရောင်းသွက်နေကြောင်း ဈေးကွက်မှသိရပါသည်။
ကြက်သွန်ဖြူမှာ အသုံးများလာချိန် ၂ လပိုင်း/ ၃ လပိုင်းတွင် ဈေးမြင့်လာနိုင်သော်လည်း တရုတ်ကြက်သွန်ဖြူအဝင်ကြောင့် ဈေးကွက်တွင် ငြိမ်နေဦးမည်ဖြစ်ကြောင်း သိရပါသည်။ စားသုံးသူ များအနေဖြင့် တရုတ်(ကြူကုတ်) တောင်ပိုင်း အကျစ်စနှင့် တောင်ကြီးအပွနှင့် ခရမ်းစွဲကို ဈေးကွက်အရ သင့်တော်ရာသုံးစွဲနိုင်ပါစေကြောင်း လေ့လာရေးသားရပေသည်။
DOCA(ရှမ်း)
