
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ တနင်္သာရီမြို့နှင့် ကျွန်းစုမြို့တို့တွင် နှစ်ရှည်သီးနှံ များနှင့် ရာသီစာသီးနှံများဖြစ်သော ဒူးရင်းသီး၊ တညင်းသီး၊ သရက်သီး၊ မင်းဂွတ်သီး၊ အုန်းသီး၊ ကြက်မောက်သီး၊ ပိန္နဲသီး၊ ငှက်ပျောသီး၊ စုံပတသီး အစရှိသည့် အသီးတို့ကို အများအပြားစိုက်ကြ သလို တစ်နိုင်တစ်ပိုင်လည်း စိုက်ပျိုးကြ၍ ထွက်ရှိသောသီးနှံများကို မြိတ်မြို့ပေါ်ရှိဈေးများတွင် လာရောက် ရောင်းချကြပါသည်။ ၄င်းအသီးအနှံများထဲမှ ငှက်ပျောသီးသည် လူကြီး/လူငယ်မရွေး ကြိုက်နှစ်သက်ကြသဖြင့် အရောင်းအဝယ်သွက်ကြောင်း သိရှိရပါသည်။ ငှက်ပျောသီးများကို အခြောက်လှန်း၍ ကြော်စားကြသလို မြန်မာမုန့်များတွင် ထည့်သွင်းပြုလုပ်စားသုံးကြကြောင်းလည်း သိရှိရပါသည်။
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလပထမပတ်တွင် မြိတ်မြို့ပေါ်ရှိရောင်းချနေသော ငှက်ပျောသီး ဈေးနှုန်းမှာ ဖီးကြမ်းငှက်ပျောသီးတစ်ဖီးလျှင်(၄၀၀၀)ကျပ်၊ ငှက်ပျောဝါသီး တစ်ဖီးလျှင် (၄၀၀၀)ကျပ်၊ ဆွဲအံသီးတစ်ဖီးလျှင် (၅၀၀၀)ကျပ်နှင့် ဆိတ်နို့သီးတစ်ဖီးလျှင် (၃၀၀၀)ကျပ်ခန့်ရှိကြောင်း ငှက်ပျောသီး ရောင်းချသူထံမှ သိရှိရပါသည်။
