
မြန်မာနိုင်ငံ၏စီးပွားရေးအခြေခံအုတ်မြစ်ကို ခိုင်မာစွာထိန်းထားပေးသည့် MSMEလုပ်ငန်း များသည် ပြည်တွင်းအလုပ်အကိုင်ဖန်တီးမှုနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု၊ ပြည်ပပို့ကုန် တိုးမြှင့်နိုင်မှုတို့အတွက် အဓိကသော့ချက်ဖြစ်လာပြီး MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာသည် နှင့်အမျှ လူငယ်များနှင့်အလုပ်အကိုင် အခွင့်အလမ်းရှားပါးသူများအတွက် လုပ်ငန်းသစ်များ ဖန်တီးပေးနိုင်ကာ အလုပ်လက်မဲ့နှုန်းကို လျှော့ချရာတွင် များစွာအထောက်အကူဖြစ်စေနိုင်ပါသည်။ နိုင်ငံတော်၏အထောက်အပံ့များနှင့်နည်းပညာများတိုးတက် လာမှုကြောင့် အနာဂတ်တွင် မြန်မာ့ MSME လုပ်ငန်းများ ယခုထက်ပိုမိုကျယ်ပြန့်စွာ တွယ်ကျယ်လာနိုင်သည့် အလားအလာကောင်းများ ရှိနေကြောင်း စီးပွားရေးပညာရှင်များကခန့်မှန်းထားပါသည်။
နည်းပညာနှင့်ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအရ လုပ်ငန်းငယ်လေးများအကြား Mobile နည်းပညာ၊ အွန်လိုင်းဈေးကွက် (E-Commerce) နှင့် Digital ငွေပေးချေမှုစနစ်များကို အသုံးပြု လာခြင်းသည် ဈေးကွက်ပိုမိုချဲ့ထွင်လာနိုင်ခြင်း၊ အချိန်စီမံခန့်ခွဲနိုင်ခြင်း၊ ငွေကုန်ကြေးကျ စရိတ်စကများကို လျှော့ချလာနိုင်ခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် အရည် အသွေးမြင့် စက်မှုထုတ်ကုန်များ၊ နည်းပညာသုံးထုတ်ကုန်များ၊ အစားအသောက်လုပ်ငန်း၊ ပြည်တွင်းထုတ်တိုင်းရင်းဆေးဝါးများ၊ အလှကုန်ပစ္စည်းများ၊ အခြေခံလူသုံး ကုန်ပစ္စည်းများ၊ လက်မှုပညာနှင့်အထည်အလိပ်ကဏ္ဍတို့တွင် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာခြင်းဖြင့် ပြည်တွင်းပြည်ပဈေးကွက်ကို ပိုမိုထိုးဖောက်လာနိုင်ပါသည်။ MSME လုပ်ငန်းများအတွက် ရည်ရွယ်သည့် ဘဏ်များနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှ ငွေကြေးအကူအညီများ၊ ချေးငွေအစီ အစဉ်များ၊ အခွန်သက်သာခွင့်များ၊ စီးပွားရေးဆိုင်ရာ အကြံဉာဏ်များနှင့် သင်တန်းပေးမှုများ ပံ့ပိုးပေးခြင်းဖြင့်လည်း လုပ်ငန်းသစ်များ စတင်လုပ်ကိုင်နိုင်လာပြီး လက်ရှိလုပ်ငန်းများလည်း တိုးချဲ့လာနိုင်ပါသည်။
ပြည်ပမှဝင်ရောက်လာသော အရည်အသွေးမြင့်ကုန်ပစ္စည်းများအတွက် ဆန်းသစ်သော ထုတ်ကုန်များ တီထွင်ဖန်တီးနိုင်ရန်လိုအပ်ပြီး စီးပွားရေးတည်ငြိမ်မှုနှင့် နိုင်ငံတကာဈေးကွက်များသို့ ချိတ်ဆက်နိုင်မှုသည် MSME လုပ်ငန်းများ၏အနာဂတ်ကို ပုံဖော်ပေးမည့်အချက်များဖြစ်ပါသည်။ MSME ကဏ္ဍသည် နိုင်ငံတော်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို၏အားပေးထောက်ပံ့မှုများအပြင် ပြည်သူတို့၏ကြိုးပမ်းမှု အားထုတ်မှုများကြောင့် အနာဂတ်တွင် ပိုမိုကျယ်ပြန့်စွာ ဖွံ့ဖြိုးတိုးတက် လာမည်မှာ သေချာပါသည်။ လုပ်ငန်းရှင်များ၏ကြိုးစား အားထုတ်မှုနှင့်ဘဏ္ဍရေးဆိုင်ရာ ပံ့ပိုးမှုများ ပေါင်းစပ်လိုက်သည့်အခါ MSMEကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေးအသွင် ကူးပြောင်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်သောအင်ဂျင်တစ်ခုအဖြစ် ပိုမိုတွင်ကျယ်စွာ ရှေ့ဆက်သွားနိုင်မည်ဖြစ်ပါသည်။
DOCA(ပဲခူး)
