
ဧရာဝတီတိုင်းဒေသကြီးညောင်တုန်းမြို့နယ်၌ ဒေသထွက်တိုင်ထောင်ပဲသီးများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်လာကြောင်း ညောင်တုန်းမြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ညိုညို၏ပြောဆိုချက်အရ သိရသည်။
ညောင်တုန်းမြို့နယ် ကုန်စိမ်းဈေးကွက်တွင် ယခုနှစ် နိုဝင်ဘာလဒုတိယပတ်မှ လက်ရှိအချိန်အထိ ဒေသထွက် တိုင်ထောင်ပဲသီးများ အရောင်းအဝယ် ပြုလုပ်လျက်ရှိကာ လက်ရှိတွင် တစ်ရက်လျှင် တိုင်ထောင်ပဲသီး ပိဿာ အနေဖြင့် ၃၅၀၀ မှ ၄၀၀၀ အထိ ဝယ်လိုအားကောင်း လာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း စိုက်ပျိုးသူတောင်သူ များထံမှ သိရသည်။
ဒေသထွက်တိုင်ထောင်ပဲသီးတွေကို တိုင်းဒေသကြီး အခြားမြို့နယ်များသို့ တင်ပို့ ရသလို ရန်ကုန်မှလည်း ဝယ်လိုအားများနေကြောင်းသိရသည်။ ပဲတောင်ရှည်မှာ အရည်အသွေးလည်း ကောင်းမွန်ပြီး ပိုးသတ်ဆေးသုံးစွဲမှု နည်းပါးပြီး သဘာဝမြေဩစာ ကိုသာသုံးစွဲ စိုက်ပျိုးကြောင်း သိရသည်။ ဒေသထွက် ဟင်းသီးဟင်းရွက်ကုန် အများ အပြား စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်တော့ သယ်ယူစရိတ်တွေလည်း သက်သာ ပြီး သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးနိုင်ရန် နှစ်စဉ်စိုက်ပျိုးကြသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ်နည်းပါးပြီး စတင်ထွက်ရှိချိန်တွင် ဈေးကောင်းမွန်၍ စိုက်ပျိုးသူတွက် ခြေကိုက် သီးနှံတစ်ခုဖြစ်သည်။
ညောင်တုန်းမြို့နယ်၌ လက်ရှိ တိုင် ထောင်ပဲသီးများအပါအဝင် ဒေသထွက် ရာသီပေါ်ဟင်း သီးဟင်းရွက်များ စိုက်ပျိုးလျက်ရှိပြီး ပဲသီး အတောင့် ၈တောင့် ပါ တစ်စီးကို ၇၀၀ကျပ်ဖြင့် လက်လီရောင်းချပြီး အစီး ၁၀၀လျှင် လက်ကားဈေး ၆၀၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း၊ ရန်ကုန်လက်ကား တင်ပို့မှုဈေးအနေဖြင့် အစီး ၁၀၀ အထုံးကို ၆၅၀၀၀ကျပ် ရရှိကြောင်း ထပ်မံစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အခြားသော ဗုံလုံသီး၊ ငရုတ်၊ သခွား၊ ကျောက်ဖရုံ ၊ကြက်ဟင်းခါးသီး၊ ပန်းဂေါ်ဖီ ဂေါ်ဖီထုတ်၊ ပြောင်းဖူး၊ ပဲကြီး၊ အစရှိသည်တို့ကို စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)
