
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ် ချောင်းသာ ၊ ငွေဆောင် ၊ ပင်လယ်ကမ်းခြေ ဒေသများတွင် သဘာဝအလျောက်နေထိုင်ပြီး အများဆုံးတွေ့ရှိရသည့် ဇီဝစိုး ငှက်လေးများကို လူသူရပ်ကွက်နှင့် ဝေးသောနေရာများတွင် လူနေထိုင်ခြင်းမရှိဘဲ ငှက်ကလေးများအတွက် သီးသန့် အဆောက်အဦဆောက်လုပ်ပြီး ငှက်တန်းများပြုလုပ်၍ မလေးရှားနည်းပညာဖြင့် အသုံးပြုကာ ဇီဝစိုးငှက်အိမ်ပြုလုပ်၍ ၊ ငှက်သိုက်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ချောင်းသာ ၊ ငွေဆောင်ကမ်းခြေဒေသတွင် ယခင်ကတည်းက အိမ်မွေးဇီဝစိုးငှက်များ မွေးမြူရေး လုပ်ငန်းရှင် (၁၄) ဦးခန့်ရှိပြီး ဖျာပုံမြို့နယ်သလိပ်ကြီးလေးကျေးရွာအုပ်စု ၊ သလိပ် ကလေးကျေးရွာတွင် ၂၀၂၃ ခုနှစ်မှ အိမ်မွေးငှက်သိုက်လုပ်ငန်းစတင်၍ လုပ်ကိုင်ခဲ့ရာ ယခုအချိန် လုပ်ငန်းရှင် (၂၀) ဦးခန့်အထိ တိုးချဲ့မွေးမြူလာကြောင်း သိရသည်။
ဇီဝစိုးငှက်များမွေးမြူရာတွင် (၁) နှစ်အတွင်း အသိုက်မရရှိဘဲ (၁) နှစ်ကျော်မှသာ အသိုက်ခွာ လို့ရရှိကြောင်း အသိုက်ခွာယူပြီး ရေစိမ်၍ ငှက်ချေး ၊ ဥအကွဲ ၊ ဥအကြေ ၊ ငှက်အမွေးများ ရှင်လင်းရပါသည်။ ငှက်သိုက်ကုန်ကြမ်းကို ယိုးဒယားနိုင်ငံထုတ် သကြား ၊ ရေသန့်နှင့် ငှက်သိုက်ကို (၁) နာရီခန့်ပေါင်းပြီး အအေးခံ၍ ငှက်သိုက်ကုန်ချောရရှိပါသည်။ ငှက်သိုက်ကုန်ချောများကို ပိုးသတ်ထားသော ၄၅ မီလီမီတာဖန်ပုလင်းများတွင် ထည့်သွင်း၍ တစ်ပုလင်းကို (၁၀၀၀၀) ကျပ် ဝန်းကျင်ဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။
ငှက်သိုက်သည် ပရိုတင်းဓါတ်ကြွယ်ဝ၍ အာဟာရဓါတ်များစွာပါဝင်ပြီး လူမမာများ၊ နာတာရှည် ရောဂါရှိသူများ ၊ အားကစားသမားများအပြင် သွေးတိုးရောဂါ ၊ ဆီးချိုရောဂါနှင့် လူမမာ များအတွက် ကိုယ်ခံအားစနစ်ကောင်းမွန်စေပြီး ပြည်တွင်းသုံးစွဲလျက်ရှိသလို ပြည်ပနိုင်ငံများသို့ လည်းတင်ပို့ရောင်းချလျက်ရှိသည့်အတွက် ဒေသတွင်းစီးပွားရေးကဏ္ဍအား ဖွံ့ဖြိုးတိုးတက်မှုတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်လျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)
