Main menu

မအူပင်ဒေသထွက် ငှက်ပျောသီးများ ပြည်တွင်းဈေးကွက်သို့ အဓိကတင်ပို့

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်နှင့် ဝန်းကျင်ကျေးရွာဒေသများမှ စိုက်ပျိုး ထုတ်လုပ်သည့် ငှက်ပျောသီးများသည် ယခုရာသီတွင် အထွက်နှုန်းကောင်းမွန်ကာ ပြည်တွင်း ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချနေပြီဖြစ်ကြောင်း ဒေသခံစိုက်ပျိုးရေးသမားများထံမှ သိရှိရသည်။ မအူပင်ဒေသထွက် ငှက်ပျောသီးများအား ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများသို့ အဓိကတင်ပို့လျက်ရှိရာ ယခုလတွင်း ငှက်ပျောသီးဈေးနှုန်းမှာ ဖီးကြမ်း ငှက်ပျောတစ်ဖီးလျှင် ၃၅၀၀-၇၀၀၀ ကျပ် ၊ သီးမွှေးငှက်ပျောသီးတစ်ဖီးလျှင် ၃၀၀၀-၅၅၀၀ ကျပ် ၊ နံသာငှက်ပျော တစ်ဖီးလျှင် ၅၀၀၀-၆၅၀၀ ကျပ် ၊ ရခိုင်ငှက်ပျောတစ်ဖီးလျှင် ၄၅၀၀-၅၅၀၀ ကျပ် တို့ ဖြစ်ပါသည်။

    ဒေသခံစိုက်ပျိုးရေးသမား ဦးကျော်မြင့်က "ဒီနှစ် မိုးစောစောရွာတာနဲ့ ငှက်ပျောသီး  အထွက်ကောင်းတယ်။ အရည်အသွေးလည်း မြင့်တယ်။ ရန်ကုန်ကုန်သည်တွေက တိုက်ရိုက် လာဝယ်ကြတယ်။ ဖီးကြမ်းဈေးကတော့ မတည်မြဲသေးဘူး။ ကားခကုန်ကျစရိတ်ပေါ် မူတည်ပြီး ဈေးကွက်မှာပြောင်းလဲနေတယ်" ဟု ပြောကြားသည်။  မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများစွာတွင် ငှက်ပျောပင်များ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းဈေးကွက်သို့ ပို့ဆောင် ရောင်းချလျက်ရှိသည်။ ငှက်ပျောသီးများကို ကုန်တိုက်ကြီးများ၊ ဈေးသည်များနှင့် ကျေးရွာ ထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဝယ်ယူကြောင်း သိရသည်။

     သို့ရာတွင် ကုန်စည်ပို့ဆောင်ရေးစရိတ်မြင့်မားမှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် ဒေသအတွင်းရှိ ငှက်ပျောဈေးနှုန်းများ မတည်ငြိမ်ဘဲ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ထွက်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဈေးကွက်ရရှိရေး ပိုမိုဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟု စိုက်ပျိုးရေးလုပ်ကိုင်နေကြသည့် ကျေးရွာသူ၊ ကျေးရွာသားများက မျှော်လင့်ထားကြသည်။

DOCA(ဧရာဝတီ)