
မြင်းခြံမြို့အေးမြသီတာဈေး၌ ရောင်းချနေသော ပဲမြစ်များကို ကျောက်ဆည်ခရိုင်၊ တံတားဦး မြို့နယ်မှ ဝယ်ယူရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ရောင်းချနေသော ပဲမြစ် တစ်ပိဿာ လျှင် (၄၀၀၀-၆၀၀၀) ကျပ်ခန့် ပေါက်ဈေး များဖြင့်ရောင်းချကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ပဲမြစ်အစစုံတစ်ပိဿာလျှင် (၁၀၀၀-၁၅၀၀) ကျပ်ခန့်ဈေးနှုန်း ကျဆင်းခဲ့ကြောင်း၊ လှိုင်လှိုင်ပေါများစွာ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းခြင်း ဖြစ်ကြောင်း၊ နေ့စဉ် ကုန်ချိန် (၂၀-၃၀) ပိဿာခန့်ရောင်းချရကြောင်း ရာသီပေါ်ဖြစ်၍ လူအများ စားသုံးမှုများပြားကြောင်း ပဲမြစ်ရောင်းချရောင်းသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ပဲမြစ်ကိုစားသုံးခြင်းဖြင့် အာဟာရ ဓာတ်ကြွယ်ဝပြီး ဗီတာမင်စီ၊ ဗီတာမင်ကေနှင့် ဖောလစ်အက်ဆစ်ကြွယ်ဝ၍ ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်ကြောင်း၊ အမျှင်ဓာတ်ပါဝင်မှုမြင့်မားသလို အစာခြေလမ်းကြောင်း ကို ကျန်းမာစေပြီး ဝမ်းမှန်စေကြောင်း၊ ဗီတာမင်စီကြွယ်ဝစွာ ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေကြောင်း၊ ကယ်လိုရီနှင့် အဆီဓာတ်အလွန်နည်းသောကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းသူများ အတွက် စားသုံးရန်သင့်တော်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
